"Your source for democracy, human rights, and breaking news – follow Democratic Press on Youtube."


Democratic Press

ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ခူမီးတိုင်းရင်းသား ၄၇ ဦး ဖမ်းဆီးခံရ



Democratic Press
ဇွန် ၇၊ ၂၀၂၆


မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရီဘန် (Bandarban) ခရိုင်၊ သန်ချီ (Thanchi) နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ခူမီးတိုင်းရင်းသား ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းရင်းမြစ်များအရ သိရသည်။




အဆိုပါ ခူမီးတိုင်းရင်းသားများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဖြစ်ကြပြီး ဇွန်လ ၄ ရက် ကြာသပတေးနေ့ ညဉ့်နက်ပိုင်းတွင် နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက် ဇွန်လ ၅ ရက်နေ့ သောကြာနေ့ မွန်းလွဲပိုင်းတွင် သန်ချီမြို့နယ်၊ ရေမာခရီ (Remakri) ကျေးရွာအုပ်စု၊ ဟွိုင်ကိုခူမီးရွာရှိ နေအိမ်အချို့၌ ဝင်ရောက်ခိုလှုံနေစဉ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား၊ အမျိုးသမီးများနှင့်အတူ ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း သိရှိရသည်။



ဒေသခံများ၏ ပြောပြချက်အရ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ARSA နှင့် RSO အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ခူမီးမိသားစုများသည် လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ဘေးကင်းရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါနယ်စပ်လမ်းကြောင်းမှတစ်ဆင့် နောက်ထပ် စစ်ဘေးရှောင်မိသားစုများ ထပ်မံဝင်ရောက်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။




လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အရာရှိများက ဖမ်းဆီးရမိသူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ခိုးဝင်လာရသည့် အခြေအနေများကို စိစစ်မေးမြန်းလျက်ရှိပြီး၊ လိုအပ်သော လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက နိုင်ငံတကာနယ်စပ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။




လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၄၇ ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ၊ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လာပါက မီဒီယာများကို ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။




မကြာသေးမီနှစ်များအတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ခူမီး၊ ခမ်းယီး၊ ဘောမ်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။




#မြန်မာ #ဘင်္ဂလားဒေ့ရှ် #စစ်ဘေးရှောင် #ချင်းပြည်နယ် #ပလက်ဝ #ခူမီးတိုင်းရင်းသား #နယ်စပ်သတင်း #Myanmar #Bangladesh #Refugees

19 minutes ago | [YT] | 0

Democratic Press

စစ်ခေါင်းဆောင်အမွမ်းတင်သီချင်းကို လူမှုကွန်ရက်တွင် မှတ်ချက်ပေးဝေဖန်မှုဖြင့် တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦး ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရ



Democratic Press
ဇွန် ၇၊ ၂၀၂၆



စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ချီးမွမ်းဂုဏ်ပြုထားသည့် သီချင်းအား လူမှုကွန်ရက်ပေါ်တွင် လှောင်ပြောင်ဝေဖန်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းများကို မျှဝေခဲ့သည့် ပဲခူးမြို့မှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း ဒေသခံများနှင့် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများထံမှ သိရသည်။



တောင်ကြီးမြို့တွင် နေထိုင်သည့် ဧကရီကျော် (ခ) နန်းဧကရီကျော်သည် စစ်ကောင်စီဥက္ကဋ္ဌကို အမွမ်းတင်ထားပြီး တေးရေးသျှန်ထွန်း (မြန်မာစာ) ရေးစပ်ကာ တေးသံရှင် မေသက်ထားဆွေ သီဆိုထားသည့် "လရောင်အောက်က ကုမုဒြာ" (ခေါ်) "ငွေလမင်းကြီး" သီချင်းအပေါ် ဝေဖန်ထားသည့် Facebook ပို့စ်တစ်ခုအောက်တွင် ဝင်ရောက်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။




အဆိုပါသီချင်းနှင့် ပတ်သက်၍ စစ်ကောင်စီကို အမြဲတစေ လှောင်ပြောင်လေ့ရှိသော “ကေသီ ဘေဘီ တော်လောက်ပြီ” အမည်ရှိ Facebook စာမျက်နှာက ရေးသားဖော်ပြခဲ့သည့် ပို့စ်အောက်တွင် ၎င်းက "ထဘီတရွတ်တိုက် ဝတ်လည်း ရွံတယ်နော်" ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။




ယင်းသို့ ရေးသားပြီးနောက် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက ၎င်းအား ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ကြပြီး ဇွန်လ ၆ ရက် စနေနေ့ညပိုင်းတွင် တောင်ကြီးမြို့ နယ်မြေခံရဲစခန်းက ဧကရီကျော်ကို ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။




#Myanmar #Bago #FreedomOfExpression #HumanRights #MyanmarCoup #WhatsHappeningInMyanmar #SocialMediaArrests

26 minutes ago (edited) | [YT] | 2

Democratic Press

ပြည်မြို့နယ်တွင် လက်နက်လုယူထွက်ပြေးရန် ကြံစည်သည့် ပျူစောထီးခေါင်းဆောင် စိုင်းသီဟ (ခ) ချိုကြီး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်ကောင်စီဒေါက်တိုင်များ ပြည်သူကို ဖိနှိပ်ခြင်းမပြုရန် ပြည်ခရိုင်တပ်ရင်း သတိပေး



Democratic Press
ဇွန် ၇၊ ၂၀၂၆


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့အပိုင်ရှိ ပျူစောထီးခေါင်းဆောင် စိုင်းသီဟ (ခ) ချိုကြီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးစဉ်အတွင်း ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း ပြည်ခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။



ဇွန်လ ၄ ရက်နေ့က ပေါင်းတလည်မြို့ရဲစခန်းမှတစ်ဆင့် ၎င်းနေထိုင်ရာ ချဉ်ရုတ်ကုန်းရွာသို့ ပြန်လာစဉ် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ နှင့် ပြည်ခရိုင်တပ်ရင်း ၁ တပ်ခွဲ ၃ တို့က လမ်းခရီး၌ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


ဖမ်းဆီးပြီးနောက် စခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းခရီးတစ်ဝက်၌ ချိုကြီးက ဆိုင်ကယ်ကို ဆွဲလှဲကာ လက်နက်လုယူထွက်ပြေးရန် ကြံစည်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။



သေဆုံးသူ စိုင်းသီဟ (ခ) ချိုကြီးသည် လွန်ခဲ့သော ၆ လခန့် (၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်) က ဝန်တင်ဆိပ်ကျေးရွာအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည့် ပေါင်းတလည်မြို့ ပျူစောထီးခေါင်းဆောင် လှမြင့်၏ သားဖြစ်ပြီး ဖခင်ဖြစ်သူ၏ နေရာကို ဆက်ခံကာ ပျူစောထီးအဖွဲ့တွင် ပါဝင်လှုပ်ရှားလာသူ ဖြစ်သည်။



၎င်းသည် ခလရ-၇၅ တွင် ဖွင့်လှစ်ခဲ့သော ပျူစောထီးသင်တန်း အပတ်စဉ် ၁ ကို တက်ရောက်ခဲ့ပြီး စစ်ကောင်စီထံမှ လစာ ကျပ် ၂၇၀,၀၀၀၊ ဆန် ၈ ပြည်နှင့် ဆီ ၅၀ သား ရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စိန်ခေါ်ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ပေါ်တာဆွဲပေးခြင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ခြင်းနှင့် လောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်ခံခြင်း စသည့် လုပ်ရပ်များကို လုပ်ဆောင်နေသူ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။



ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ခရိုင် အမှတ် ၂ တပ်ရင်းက စစ်ကောင်စီ၏ ဒေါက်တိုင်အမာခံများအနေဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်စော်ကားသည့် လုပ်ရပ်များကို လုံးဝရှောင်ကြဉ်ကြရန် သတိပေးထားပြီး၊ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း လုပ်ကိုင်နေပါက တော်လှန်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။


#Myanmar #Bago #Pyay #PyuSawHtee #PDF #AntiCoup #MyanmarSpringRevolution #WhatsHappeningInMyanmar

46 minutes ago | [YT] | 6

Democratic Press

တောင်ငူမြို့၌ မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း စစ်ဆေးရုံနှင့် လေတပ်တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်



Democratic Press
ဇွန် ၇၊ ၂၀၂၆



စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ငူမြို့သို့ လျှို့ဝှက်စွာ ရောက်ရှိနေစဉ်အတွင်း ၎င်းအား ရည်ရွယ်၍ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာနေရာများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။




Brave Warriors for Myanmar (BWM) ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင် တောင်ငူမြို့ရှိ အမှတ် ၃ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံ (မဆရ ၃) နှင့် ကေတုမတီလေတပ်စခန်းအတွင်းရှိ အစည်းအဝေးခန်းမတို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။



Myanmar #Toungoo #BWM #KNLA #MilitaryNews #BreakingNews #CurrentAffairs

5 hours ago | [YT] | 43

Democratic Press

ရန်ကုန်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများပြားနေချိန် ရက်ပိုင်းအတွင်း လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ



Democratic Press
ဇွန် ၇၊ ၂၀၂၆



ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များကို လမ်းပေါ်၌ ဖမ်းဆီးပေါ်တာဆွဲမှုများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ကာလအတွင်း ရက်ပိုင်းရက်ခြား၍ လူငယ်များ ဆက်တိုက်ပျောက်ဆုံးမှုများ ဖြစ်ပွားနေကြောင်း ကာယကံရှင်များ၏ မိသားစုနှင့် မိတ်ဆွေအသိုင်းအဝိုင်းထံမှ သိရှိရသည်။



ပြီးခဲ့သည့် မေလ ၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဗဟိုလမ်းဘက်ရှိ အလုပ်ခွင်သို့ သွားရောက်ရန် နေအိမ်မှ ထွက်ခွာသွားသော မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟသည် ယင်းနေ့ ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် အင်းစိန်ဖော့ကန်အနီးသို့ ရောက်ရှိနေပြီး နေအိမ်သို့ ပြန်လာနေပြီဖြစ်ကြောင်း မိသားစုထံ နောက်ဆုံးအဆက်အသွယ် ပြုလုပ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဖုန်းစက်ပိတ်သွားကာ တစ်လကျော်ကြာမြင့်သည်အထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။



အလားတူ ဇွန်လ ၁ ရက်နေ့တွင်လည်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် Time Mall ရှိ KBZpay Center တာဝန်ခံ အသက် ၂၇ နှစ်အရွယ် မောင်ရှိန်းအောင်ထွန်းသည် နေအိမ်မှ အလုပ်သို့ ပုံမှန်အတိုင်း သွားရောက်ခဲ့ပြီးနောက် ညနေ ၅ နာရီ အလုပ်ဆင်းချိန်၌ အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ပေ။ ၎င်းသည်လည်း ဖုန်းစက်ပိတ်ထားသည့် အနေအထားဖြင့် ၅ ရက်ထက်မနည်း မိသားစုနှင့် လုံးဝအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။




လက်ရှိ ရန်ကုန်မြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် အလုပ်သွားအလုပ်ပြန် ပြုလုပ်နေကြရသည့် လူငယ်များ လမ်းခရီး၌ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသဖြင့် မိဘပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။





#Yangon #Myanmar #SaveMyanmarYouth #StopForcedConscription #HumanRights #MyanmarMilitaryCoupl

20 hours ago | [YT] | 14

Democratic Press

ဆွာမြို့နယ်ရှိ ဆွာမကြီးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ




Democratic Press
ဇွန် ၇၊ ၂၀၂၆




ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ အင်အား ၆၀ ကျော်ဖြင့် အခိုင်အမာတပ်စွဲထားသော ဆွာမကြီးရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ၁ နာရီ ၂၀ မိနစ်ခန့်အကြာတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားသည်။



အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တင့်ကားတပ်ရင်း (တကရ-၆၀၁၇) မှ ဗိုလ်မှူး ကျော်လင်းအောင် အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အထိအခိုက် ဒဏ်ရာရရှိမှု အများအပြားဖြင့် စခန်းကိုစွန့်ခွာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။



၎င်းတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရရှိသည့် လက်နက်မျိုးစုံ ၁၄ လက်တွင် G-3 သေနတ် ၁၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်နှင့် ပစ္စတို ၁ လက်တို့ ပါဝင်သည်။


ထို့ပြင် ကျည်ခဲယမ်းမျိုးစုံ ၁,၀၀၀ ကျော်၊ အီနာဂါ ၅ ခု၊ နင်းမိုင်း ၂ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ၆၀ မမ ပိုယမ်း ၁၅ တောင့်၊ G-3 ကျည်အောက် ၇ ဘောက်၊ MA ကျည်အောက် ၂ ဘောက်တို့နှင့်အတူ စားနပ်ရိက္ခာနှင့် ဆေးဝါးများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။



ယခုဆင်နွှဲခဲ့သော ဆွာမကြီးရွာစခန်းသိမ်းစစ်ဆင်ရေးကို ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၈) နှင့် ဗျူဟာအမှတ် (၁၉) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ အောင်မြင်စွာ တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။




#ဆွာမကြီးစခန်းသိမ်းတိုက်ပွဲ #ပဲခူးတိုင်းစစ်ရေး #နေပြည်တော်တိုင်းစစ်ဌာန #ပြည်သူ့ကာကွယ်ရေးတပ်မတော် #PDF #ပကဖ #စခန်းသိမ်းတိုက်ပွဲ #မြန်မာ့နွေဦးတော်လှန်ရေး

21 hours ago | [YT] | 18

Democratic Press

ပေါင်းတလည်တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံသူ သားဖြစ်သူ စိုင်းသီဟ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး


Democratic Press
ဇွန် ၇၊ ၂၀၂၆



ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ ၎င်း၏သားဖြစ်သူ ပျူစောထီး စိုင်းသီဟ (ခ) ချိုကြီးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ၏ ပြောကြားချက်အရ သိရသည်။



ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ့်ရုတ်ကုန်းရွာ၌ နေထိုင်သော စိုင်းသီဟသည် ပေါင်းတလည်မြို့မရဲစခန်းမှ ရွာသို့ ပြန်လာစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃) နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) မှ ရဲဘော်များက လမ်းမှ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။



ထိုသို့ ဖမ်းဆီးရာတွင် ၎င်းကို အရှင်ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် စခန်းသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် လမ်းခရီး၌ ဆိုင်ကယ်ကို ဆွဲလဲကာ သေနတ်လုယူထွက်ပြေးရန် ကြိုးပမ်းခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



သေဆုံးသူ စိုင်းသီဟသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်မှ စိန်ခေါ်ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ပေါင်းတလည် ကျောင်းကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ အပြင် နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်ခံကာ စစ်တပ်ကို ထောက်ပံ့ခြင်းများ ပြုလုပ်နေသူ ဖြစ်သည်။



၎င်းသည် ပြည် ဒကစ လက်အောက်ခံ ခလရ ၇၅ တပ်ရင်းတွင် ပျူစောထီးသင်တန်း အပတ်စဉ် ၁ တက်ရောက်ထားသူဖြစ်ပြီး စစ်ကောင်စီက ပေးအပ်သည့် လစာငွေ ၂၇၀,၀၀၀ ကျပ်၊ ဆန် ၈ ပြည်နှင့် ဆီ ၅၀ သား ရရှိနေသူလည်း ဖြစ်သည်။



ပြည်ခရိုင်တပ်ရင်း (၁) မှ ရဲဘော် Shadow ၏ ပြောပြချက်အရ စိုင်းသီဟနှင့် ၎င်း၏ဖခင်ဖြစ်သူ လှမြင့်တို့ သားအဖနှစ်ဦးလုံးသည် ပျူစောထီးသင်တန်း အပတ်စဉ် ၁ ဆင်းများ ဖြစ်ကြပြီး ဖခင်ဖြစ်သူကို တိုက်ခိုက်ပြီးနောက်ပိုင်း သားဖြစ်သူမှာ ငြိမ်သက်သွားခြင်းမရှိဘဲ ဖခင်ထက် ပိုမိုဆိုးသွမ်းလာသည့်အတွက် ယခုကဲ့သို့ သွားရောက်ဖမ်းဆီး တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။




စိုင်းသီဟ၏ ဖခင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် လှမြင့်သည်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပေါင်းတလည်မြို့အပိုင် ဝန်တင်ဆိပ်ကျေးရွာအနီးတွင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးရဲဘော်များ၏ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။



သို့သော် ၎င်းသည်လည်း စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ပြန်လည်ခုခံထွက်ပြေးသဖြင့် ရဲဘော်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ဖူးကြောင်း သိရသည်။




#Myanmar #Bago #Pyay #PyuSawHtee #MilitaryCoup #AntiCoup #WhatsHappeningInMyanmar

1 day ago | [YT] | 61

Democratic Press

ပေါက်မြို့နယ်တွင် လက်နက်ကိုင်ဆောင်ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို အညာမြေတပ်ပေါင်းစု ဖမ်းဆီးရမိ၊ ခေါင်းဆောင်အပါအဝင် ၆ ဦး လွတ်မြောက်နေဆဲဖြစ်


Democratic Press
ဇွန် ၇၊ ၂၀၂၆



မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အဓိကခြေကုပ်စခန်းဖြစ်သော ကုက္ကိုလ်စု ပျူစောထီးကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်လိုက်သည်။



အဆိုပါ ကုက္ကိုလ်စုကျေးရွာနှင့် ရေပြာရဲစခန်းတို့သည် ပေါက်ကိုယ်တော် (အာရိယာဝံသ) ၏ အားအထားရဆုံး ခံတပ်များဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်သိမ်းပိုက်မှုအောက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာကျဆုံးသွားပြီးနောက် ရွာတွင်းရှိ ပျူစောထီးများနှင့် မိသားစုဝင်များသည် လက်နက်အပြည့်အစုံဖြင့် မြိုင်မြို့နယ် စက်မှုဇုန် ၂ ဘက်သို့ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။



၎င်းတို့ လက်နက်ကိုင်ဆောင်ကာ စစ်ကြောင်းထိုးသကဲ့သို့ ထွက်ပြေးမှုကြောင့် လမ်းခရီးတစ်လျှောက်ရှိ ဒေသခံပြည်သူများ ထိတ်လန့်ကာ အနည်းဆုံး ကျေးရွာ ၅ ရွာခန့်မှ ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။



ထိုသို့ ထွက်ပြေးသွားသည့် အဖွဲ့ကို ဖမ်းဆီးနိုင်ရန် အညာမြေတပ်ပေါင်းစုနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တောနင်းရှာဖွေခဲ့ကြရာ ဇွန်လ ၅ ရက် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ပေါက်မြို့နယ် တောတွင်းတစ်နေရာ၌ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။




တော်လှန်ရေးသတင်းရင်းမြစ်တစ်ခု၏ ပြောပြချက်အရ ပထမအဆင့်တွင် ပျူစောထီး ၅၀ ကျော်နှင့် နောက်ထပ် ၂၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရသည်။



သို့သော်လည်း ယင်းအဖွဲ့ကို ဦးဆောင်လာသည့် ကုက္ကိုလ်စု ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီတပ်သား ၅ ဦး (စုစုပေါင်း ၆ ဦး) မှာမူ နယ်မြေကျွမ်းကျင်မှုကို အသုံးချကာ ၎င်းတို့၏အဖွဲ့ဝင်များကို စွန့်ပစ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက် ရှာဖွေလျက်ရှိသည်။



ဖမ်းဆီးရမိသည့် ပျူစောထီးများနှင့် မိသားစုဝင်များသည် ကနဦးတွင် ပြန်လည်ခုခံမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်သုံပန်းအဖြစ် သတ်မှတ်ကာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။



#ကုက္ကိုလ်စုရွာသိမ်းတိုက်ပွဲ #ပေါက်မြို့နယ်သတင်း #မကွေးတိုင်းသတင်း #ပျူစောထီး၇၀ကျော်ဖမ်းမိ #အညာမြေတပ်ပေါင်းစု

1 day ago | [YT] | 31

Democratic Press

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများ ဆိုင်းငံ့ပိတ်ဆို့ခံရမှုကြောင့် မြန်မာ့အရေးတွင် ထိရောက်မှုကင်းမဲ့နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တရားဝင် ဝေဖန်ထောက်ပြ



Democratic Press
ဇွန် ၇၊ ၂၀၂၆



အမေရိကန်ပြည်ထောင်စု၊ နယူးရောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ဝေဖန်ထောက်ပြလိုက်ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ဆောင်ရွက်မှုများသည် ကန့်သတ်ချက်များနှင့် ပျက်ကွက်မှုများ၏ ဝမ်းနည်းဖွယ်ကောင်းသော ထင်ဟပ်မှုတစ်ရပ်ဖြစ်ပြီး ကောင်စီ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန်အတွက် ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေးနှင့် ယုံကြည်ကိုးစားမှုရှိရေး ဟူသည့် နယ်ပယ် ၃ ခုကို သံအမတ်ကြီးက အလေးအနက် ထောက်ပြဝေဖန်ခဲ့သည်။



ပွင့်လင်းမြင်သာမှုအပိုင်းတွင် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သီးသန့်တံခါးပိတ်အစည်းအဝေးများ ကျင်းပသည့် အလေ့အထကို ဆက်လက်ကျင့်သုံးနေခြင်းကြောင့် အများပြည်သူနှင့် အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကောင်စီ၏ အနှစ်သာရရှိသော ဆွေးနွေးချက်များနှင့် သဘောထားများကို အလွယ်တကူ သိရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ခံနေရကြောင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းသည် စိတ်ကြိုက်ရွေးချယ်ကျင့်သုံးရမည့် သဘောမဖြစ်သင့်ဘဲ နိုင်ငံအားလုံးအတွက် တစ်ပြေးညီကျင့်သုံးရမည့် မူဝါဒသာ ဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။



ထိရောက်မှုအပိုင်းနှင့် ပတ်သက်၍လည်း လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂五 ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံငလျင်ဘေးအပြီးတွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း အဆိုပါကာလနောက်ပိုင်း ထုတ်ပြန်ရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးကောင်စီ သဘာပတိကြေညာချက်တစ်ရပ်နှင့် အခြားသောသတင်းထုတ်ပြန်ချက်တစ်ရပ်မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲ ဖြစ်သည်။



ထိုသို့သော ဗီတိုအာဏာခြိမ်းခြောက်မှုများက မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများကို ပိတ်ဆို့နေပြီး ကောင်စီကို ထိရောက်မှုကင်းမဲ့စေသည်ဟု သံအမတ်ကြီးက ထောက်ပြသည်။



လက်ရှိတွင် တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ကြောင့် လူပေါင်း ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၃ ဒသမ ၆ သန်း နေရပ်စွန့်ခွာထွက်ပြေးနေရကာ ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေသည်။


လုံခြုံရေးကောင်စီအနေဖြင့် ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ကြာရှည်ကျယ်ပြန့်လာသည့် အဆိုပါကွာဟချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာ ချို့ယွင်းနေမှုကို သာမက မြေပြင်အခြေအနေနှင့် ဆက်စပ်မှုကင်းမဲ့လာသည်ကိုပါ ထင်ရှားစွာ သက်သေပြနေကြောင်း သံအမတ်ကြီးက အလေးအနက် ထောက်ပြခဲ့သည်။



ယုံကြည်ကိုးစားမှုအပိုင်းတွင် မြန်မာနိုင်ငံ၌ အရပ်သားပြည်သူများကို ကာကွယ်ရာ၌ လုံခြုံရေးကောင်စီ၏ ဖန်တစ်ရာတေအောင် ပျက်ကွက်ခဲ့မှုများသည် ပြည်သူများ၏ ကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို သိသိသာသာ ထိခိုက်စေခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။


အကြမ်းဖက်စစ်အုပ်စုက အလိမ်အညာရွေးကောက်ပွဲနှင့် အဆိုပါရွေးကောက်ပွဲမှ ပေါ်ထွန်းလာမည့် အလိမ်အညာအုပ်ချုပ်ရေးစနစ်ကို စတင်ကြေညာချိန်မှစ၍ အရပ်သားများကို ပိုမိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို စနစ်တကျ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာခဲ့သည်။


၂၀၂၆ ခုနှစ် ဧပြီလ တစ်လတည်းတွင်ပင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး၊ ကရင်နီပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် စခန်း၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းတို့ကိုလည်း လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။



သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုးရွားလာနေသည့် ဤအကြမ်းဖက် ရက်စက်မှုများသည် အကြောင်းအရင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မျက်ကွယ်ပြုခဲ့မှု၏ တိုက်ရိုက်ကျိုးဆက်များဖြစ်ကြောင်း ပြတ်ပြတ်သားသား ဝေဖန်ခဲ့သည်။


ထို့ပြင် ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့နှင့် ဒေသဆိုင်ရာနိုင်ငံများသည် ၎င်းတို့၏ မဆင်မခြင် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် စစ်အာဏာရှင်အုပ်စုကို အားပေးအားမြှောက်ပြုရာ ရောက်ခဲ့မှု၏ နောက်ဆက်တွဲရလဒ်လည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ထိရောက်သော အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အစီအမံများပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် အပါအဝင် အချိန်မီ၊ ထိရောက်သော ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုများကို ချက်ခြင်းပြုလုပ်ရန် မဖြစ်မနေ လိုအပ်နေကြောင်း၊ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြိုးပမ်းမှုကို ခိုင်မာစွာ ထောက်ခံပံ့ပိုးပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တိုက်တွန်းနှိုးဆော်ခဲ့သည်။



#Myanmar #WhatsHappeningInMyanmar #UNSC #KyawMoeTun #UnitedNations #SaveMyanmar #RejectMilitaryCoup #DemocracyForMyanmar

1 day ago | [YT] | 27

Democratic Press

မြန်မာစစ်အုပ်စုအပေါ် ထိရောက်စွာအရေးယူရန်နှင့် လေယာဉ်ဆီဖြတ်တောက်ရန် CTUM ဥက္ကဌက ILO ညီလာခံတွင် တိုက်တွန်းတောင်းဆို



Democratic Press
ဇွန် ၆၊ ၂၀၂၆


ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပနေသည့် (၁၁၄) ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံအစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်က မြန်မာစစ်အုပ်စုအပေါ် ထိရောက်သော အရေးယူမှုများ ပြုလုပ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။



စစ်အုပ်စုသည် ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက်၊ စုံစမ်းစစ်ရေးကော်မရှင်၏ အကြံပြုချက်များနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တို့ကို ချိုးဖောက်ကာ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်းနှင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို ပိုမိုချဲ့ထွင်လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။




မြန်မာစစ်အာဏာပိုင်များသည် အကြမ်းဖက်မှုများကို ရပ်တန့်မည့်အစား ပိုမိုတိုးမြှင့်နေပြီး၊ အလုပ်သမားအခွင့်အရေးများကို ဖိနှိပ်ကာ အတင်းအဓမ္မလုပ်အားစေခိုင်းမှုကို ပပျောက်အောင် ဆောင်ရွက်ခြင်းမရှိဘဲ အတင်းအကျပ် စစ်သားစုဆောင်းခြင်းများဖြင့် ပိုမိုကျယ်ပြန့်အောင် ပြုလုပ်နေကြောင်း CTUM က ထောက်ပြထားသည်။



ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက်အရ နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများကို ပြန်လည်သုံးသပ်ပြီး အရေးယူရန် တိုက်တွန်းထားသော်လည်း အရပ်သားများကို လေကြောင်းတိုက်ခိုက်ရာတွင် သုံးသည့် Jet Fuel A-1 လေယာဉ်ဆီများကို စစ်တပ်က ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း သိရသည်။



ထို့ကြောင့် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးဖြစ်သော အစိုးရများအနေဖြင့် ယင်းအရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် လေယာဉ်ဆီ တင်သွင်းပေးနေသည့် အဖွဲ့အစည်းများကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။



ထို့အပြင် စစ်တပ်က ဖန်တီးထားသည့် အစားထိုးအလုပ်သမားအဖွဲ့အစည်းများကို တရားဝင်မှုပေးရန် ကြိုးပမ်းမှုမှန်သမျှကို ILO နှင့် ၎င်း၏ သုံးပွင့်ဆိုင်ပါဝင်သူများက ပြတ်ပြတ်သားသား ငြင်းပယ်ရန် လိုအပ်ကြောင်း၊ ဆုံးဖြတ်ချက်များ ရှိရုံမျှဖြင့် အလုပ်သမားများကို မကာကွယ်နိုင်သကဲ့သို့ လေကြောင်းတိုက်ခိုက်မှုနှင့် ဖမ်းဆီးထောင်ချမှုများကို မရပ်တန့်နိုင်သဖြင့် ILO ပုဒ်မ ၃၃ ကို ထောက်ခံခဲ့သည့် အစိုးရများနှင့် အလုပ်ရှင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ ထောက်ခံမှုကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲပေးရန် တိုက်တွန်းထားသည်။



ယင်းအပြင် ILO ညွှန်ကြားရေးမှူးချုပ်အနေဖြင့် အာဆီယံအစိုးရများနှင့် တိုက်ရိုက်ဆွေးနွေးကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို အချိန်မဆွဲဘဲ ရှာဖွေဖော်ဆောင်ရန် ဖြည့်စွက်ပြောဆိုသည်။




အလားတူ ဂျနီဗာမြို့ရှိ Broken Chair ရင်ပြင်တွင် ဘီလာရုစ် (Belarus) အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကြီးမှူး၍ နိုင်ငံတကာသွေးစည်းညီညွတ်ရေး ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပြီး၊ ဘီလာရုစ်ပြည်သူများ၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးကို ထောက်ခံခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ကြသည်။



ဘီလာရုစ်အလုပ်သမားသမဂ္ဂများနှင့် မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့သည် မိမိတို့နိုင်ငံများတွင် ဒီမိုကရေစီနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ၏ သွေးစည်းညီညွတ်မှုနှင့် ဖိအားပေးမှုများကို ဆက်လက်မြှင့်တင်သွားရန် အပြန်အလှန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။




#WhatIsHappeningInMyanmar #MyanmarCoup #SaveMyanmar #ILO114 #CTUM #HumanRights #LaborRights #StopJetFuelToMyanmar #StandWithMyanmar

1 day ago | [YT] | 24