မျှဝေခံစား ပန်းစကား
PenSaGar
ရပ်နိုင်ပေ ရပ်နိုင်ပေ့ ... (၂) (၄) ဒီရက်ပိုင်း မကျော့မေ တော်တော်ချူချာသည်။ ဗိုက်ကလေး နှိပ်နှိပ်ပြီး ငုတ်တုပ်ထိုင်ထိုင်နေရသည်။ ဘာဖြစ်တာလဲ မေးတော့ လေထိုးနေတာလား မသိပါဘူးတော် ဗိုက်ထဲက တဆစ်ဆစ် နာနေတာ လို့ပဲ ဖြေသည်။ တစ်ခါတစ်ခါ အဖျားပါ ဝင်လာပြီး လူးလှိမ့်နေတာ မြင်တော့ ကိုသန်းစိုး စိတ်ပူလာသည်။ "ဒီအတိုင်း နေလို့ မဖြစ်ဘူး ကျော့မေ။ ဟိုဘက်ကမ်းကို သွားပြမှ ဖြစ်မယ်။ သူဌေးဆီက ခွင့်တစ်ရက်လောက် တောင်းပြီး သွားရအောင်"ဟု ဆိုကာ မကျော့မေကို ခေါ်ပြီး မြန်မာဆေးရုံ သွားပြသည်။ ဆေးရုံရောက်တော့ မကျော့မေ အူအတက်ရောင်နေတာကြောင့် ခွဲစိတ်ကုဖို့ ဖြစ်လာသည်။ ခွင့်တစ်ရက်ဆိုသော်လည်း ဆေးရုံမှာ တစ်ပတ်လောက် ကြာသွားသည်။ ဆေးရုံတစ်ပတ်မှာပဲ မကျော့မေတို့ စုထားသည့် ငွေလေးတွေ စုပ်စမြှုပ်စ ကုန်သွားသည်။ အကြွေးမတင်သော်လည်း လက်ထဲမှာ သုံးစွဲစရာတောင် မကျန်သလောက် ဖြစ်သွားပြီမို့ မကျော့မေမှာ အရုပ်ကြိုးပြတ်။ ဗိုက်ခွဲထားတာကြောင့်လည်း အနည်းဆုံး ၁ လ ၊ ၁ လခွဲတော့ နားလိုက်ရသည်။ မကျော့မေ အိပ်ရာထဲ လဲချိန် ကိုသန်းစိုးပဲ မီးဖိုချောင်ဝင်သည်။ အလုပ်ပေါ်လာသည့်အခါ ကောက်ခနဲ ထ,သွားနိုင်အောင် မနက်အစောကြီးတွေ ထချက်သည်။ အလုပ်ပေါ်လာသည့်အခါ အလုပ်သွားသည်။ လင်သားဖြစ်သူ ဒေါင်ချာစိုင်းနေသည်ကို ကြည့်ပြီး မကျော့မေ စိတ်မကောင်း။ သို့သော် မတတ်နိုင်။ လောကဓံချောတိုင် တက်နေခိုက်တော့ လျှောတိုက်ဆင်းတဲ့ဒဏ် ခံနိုင်ရမယ်လို့ပဲ အားတင်းသည်။ ကိုသန်းစိုးကလည်း မညည်းညူပါ။ မြေဆီထမ်းရက်တွေ စိပ်လို့ ခြေကုန်လက်ပန်းကျ နေချိန်မှာတောင် သူ့ဇနီးသည်ကို သက်သာလား။ ဘာစားချင်လဲ မေးတတ်မြဲ။ မကျော့မေကလည်း သူ့ယောက်ျားကို ပြန်အားပေးရသည်။ "ကျုပ်သက်သာပါပြီတော်။ ဗိုက်က ရှင်းရှင်းပျောက်တာနဲ့ အလုပ်ဝင်ဖို့လည်း သူဌေးမကို ပြောပြီးပါပြီ။ လောလောဆယ် အလုပ်နားတဲ့ရက် အခန်းခကတော့ ကိုယ့်ဟာကိုယ် ပေးရမှာပေါ့။" "အလုပ်က အရေးမကြီးပါဘူးဟာ။ လူ အဓိကပါ။ နင်နေကောင်းပြီဆိုမှ အလုပ်ကိစ္စ ခေါင်းထဲ ထည့်ပေါ့။" "ကျုပ်တော့ ဒီတစ်ခါ ကျန်းမာတာနဲ့ ပိုက်ဆံပြန်စုရမယ်။ နောက်နှစ်ထဲလောက် ရွာဘက်မှာ ဝိုင်းလေးဘာလေး ဝယ်နိုင်အောင်။ တောင်ပိုင်းက ကိုကျော်နိုင်တို့အရှေ့ဘက် ဝိုင်းလေး သိန်း ၈၀ လောက်နဲ့ ရောင်းချင်နေတာ။ အဲ့ဝိုင်းလေး မဆိုးဘူးတော်။ ရွာအစွန်ဆိုပေမယ့် ဘာအရေးလဲ။ ကားလမ်းမကြီးဘေး ရောက်တော့ ပိုတောင်ဟန်ကျသေး။ ဝက်ပဲမွေးမွေး ဈေးပဲ ရောင်းရောင်းပေါ့။ ကျုပ်တော့ အဲ့ဝိုင်းလေး မျက်စိကျနေတာ။" ဝိုင်းဝယ်ဖို့ စိတ်အားထက်သန်နေတဲ့ ဇနီးကို ကြည့်ပြီး ကိုသန်းစိုး သက်ပြင်းတချက် ခိုးချလိုက်သည်။ ပါးစပ်ကတော့ - "အေးပါဟာ ပိုက်ဆံစုတာလည်း စုပေါ့။ လောလောဆယ် လူနေကောင်းဖို့ပဲ ဂရုစိုက်တာပေါ့ဟာ"တဲ့။ (၅) မကျော့မေ ဗိုက်ချုပ်ရိုးဖြည်ပြီး ရောဂါပျောက်တော့ အလုပ်ပြန်ဝင်သည်။ အခုတော့ ကလေးထိန်းက မကျော့မေနဲ့ဆို နှစ်ယောက် ဖြစ်သွားပြီမို့ အရင်လို မကျော့မေ ပျင်းစရာမရှိတော့။နေ့ဘက်တွေဆို သူတို့ ကလေးထိန်းနှစ်ယောက် ကလေးတစ်ယောက်စီ ချီလို့ပိုးလို့ တွန်းလှည်းကိုယ်စီ တွန်းလို့ ထိန်းကျောင်းကြသည်။ တရုတ်သီချင်းတွေရော ဗမာသီချင်းတွေပါ ဖုန်းနဲ့ ဖွင့်ပြီး ကလေးတွေ မြူကြချော့ကြသည်။ သူဌေးမကလည်း သူ့ကလေးတွေကို မြန်မာကလေးထိန်း သီချင်းတွေနဲ့ ချော့တာ သဘောကျသည်။ မကျော့မေတို့လည်း သူဌေးမအကြိုက် သားချော့သီချင်းကနေ နတ်ဒိုးအထိ ရောက်တက်ရာရာတွေ ဆိုပြချော့ပြရသည်။ ကလေးတွေကလည်း ဘယ်လိုရယ်မသိ။ တရုတ်သီချင်းတွေ ဖွင့်ပြရင် သိပ်မဟုတ်ချင်။ ဒီတော့လည်း မြန်မာသီချင်းဆိုပြရတာ အမော။ သူဌေးမကလေးတွေလည်း လေးဘက်ထောက် တွားသွားကနေ ခပ်စမ်းစမ်း လမ်းလျှောက်ဖို့ပါ လုပ်လာပြီ။ တစ်ရက်တော့ ကလေးတွေ ကောဇောပေါ် လေးဘက်ထောက် တွားသွားရင်း ခပ်ကုန်းကုန်းလေး ထဖို့ ကြိုးစားလာသည်။ သူဌေးမကလည်း သူ့သားတွေ မတ်တပ်ရပ်တော့မှာမို့ ဝမ်းတွေသာပြီး တရုတ်လိုတွေ ပြောသည်။ မကျော့မေတို့လည်း ကလေးတွေ မတ်တပ်ရပ်ဖို့ လုပ်နေတာကို ကြည့်ပြီး လက်ခုပ်တီးလို့ "ရပ်နိုင်ပေ ရပ်နိုင်ပေ့" ဆိုပြီး အားပေးကြသည်။ ကလေးလေးတွေလည်း ရပ်ဖို့ ကြိုးစားလိုက် , လဲကျသွားလိုက် အခါခါပင်။ မကျော့မေတို့ က လက်ခုပ်တီးအားပေးမပြတ်။ မကျော့မေတို့ အားပေးသံကြားတော့ ကလေးတွေ အားတက်သွားပုံရသည်။ ယိမ်းထိုးယိမ်းထိုးလျက်ပင် ရအောင် မတ်ရပ်တော့သည်။ ကလေးတွေ မတ်တပ်ရပ်နိုင်တော့ အားလုံး ဟေးခနဲ။ သူဌေးမတင် မဟုတ် ၊ မကျော့မေတို့ပါ ကလေးတွေရဲ့ ပထမဆုံး ကိုယ့်ခြေပေါ် ကိုယ်ရပ်တာကြည့်ပြီး ဝမ်းသာနေမိသည်။ ထိုနေ့က တစ်နေ့လုံးလိုလို "ရပ်နိုင်ပေ" လုပ်ခဲ့ရသည်။ သူဌေးမကလည်း သူ့ကလေးတွေ မတ်တပ်ရပ်နိုင်လို့ ဝမ်းသာပြီး မကျော့မေတို့ကို မုန့်ဖိုး ၅၀ စီပါ ပေးလိုက်သေးသည်။ ညနေစောင်းတော့ ကလေးတွေနဲ့ ရပ်နိုင်ပေ လုပ်နေတုန်း မကျော့မေဆီ ဖုန်းဝင်လာသည်။ ဖုန်းက အလုပ်ခေါင်း ကိုကျော်စိုးဦးဖုန်း။ "ဟုတ် ကိုကျော်စိုးဦး ဘာကိစ္စရှိလို့လဲ" "မကျော့မေရေ စိတ်တော့မကောင်းဘူးဗျာ။ ခင်ဗျားယောက်ျား မြေဆီအိတ်ပိသွားလို့။ ပေါင်ကျိုးသွားတယ် ထင်တယ်။" "ရှင်" "အေးဗျာ ညာဘက်ခြေတစ်ချောင်းက အထိမခံတော့ဘူး။ အခု တောင်ပေါ်က သူဌေးကားနဲ့ ကျုပ်တို့ ဆင်းလာပြီ။ နောက် နာရီဝက်လောက်ဆို ရောက်မှာ။ အဲ့ဒါ ဂိမ်းခုံနားက စစ်ဆေးရုံကို ခင်ဗျား လာဖို့ ပြောတာ" မကျော့မေ ကြက်သေသေသွားသည်။ ဘယ်အချိန် ဖုန်းချမိလဲ မသိတော့။ တောင့်တောင့်ကြီး ရပ်လျက်သား အမြင်တွေ ဝေဝါးလာသည်။ မျက်လုံးအိမ်ထဲ မျက်ရည်ပူပူတွေ အလိုအလျောက် ပြည့်လာချိန် ရုတ်တရပ် မကျော့မေ ထမိန်ကို တစ်ယောက်ယောက် လာဆွဲလိုက်မှ သတိပြန်ကပ်မိသည်။ သူဌေးမ၏ ကလေးသည် လှုပ်လီလှုပ်လဲ့ မတ်တပ်ရပ်ရင်း မကျော့မေကို လာဆွဲခြင်း ဖြစ်သည်။ မျက်တောင်ကို မြန်မြန်ခတ်လိုက်သည်။ ဖုန်းကိုင်လျက်သား လက်နှင့်ပင် မျက်ရည်တွေ သုတ်သည်။ မျက်ရည်နှင့်အတူ စီးချင်ချင် ဖြစ်လာသည့် နှာခေါင်းထဲက နှပ်ကို ရွှတ်ခနဲ တစ်ချက် ရှုံ့လိုက်သည်။ အခြေအနေကို မရိပ်မိသည့် ခပ်လှမ်းလှမ်း ကုတင်ပေါ်မှ သူဌေးမက "ရပ်နိုင်ပေလေ" လို့ မပီကလာ ပီကလာနှင့် လှမ်းပြောနေသည်။ မကျော့မေ ရပ်နေရာမှ ထိုင်ချလိုက်ရင်း ကလေးလက်ကို ကိုင်လျက် အသံတုန်တုန်နှင့် ဆိုလိုက်သည်။ "ရပ်နိုင်ပေ ရပ်နိုင်ပေ့ လူလေး ရပ်နိုင်ပေ့"။
7 months ago | [YT] | 6
View 0 replies
ရပ်နိုင်ပေ ရပ်နိုင်ပေ့ ... (၁) (၁) ကုတင်အောက်က သေတ္တာလေးဆွဲဖွင့်လို့ အထဲက သံဖြူစုဗူးလေး လှုပ်ကြည့်ရင်း မကျော့မေမျက်နှာ ပြုံးယောင်သန်းလာသည်။ တစ်ဆက်တည်း သူ့လက်တွေက ဂဏန်းပေါင်းစက်တစ်ခုလို တွက်ချက်သွားသည်။ ၆ ထောင် ၇ ထောင်တော့ အောက်ထစ်ပဲ။ နောက် ၇ ထောင်/ ၈ထောင် လောက်ဆို သူ့အိပ်မက်တွေ ပြည့်ပြီ။ အတွေးနဲ့ အပြုံးက တစ်ထပ်တည်း ဖြစ်သွားသည်။ (၂) ဒီမြို့လေးကို မကျော့မေတို့ လင်မယား ရောက်လာတာ နှစ်နှစ်ပြည့်တော့မည်။ ကိုသန်းစိုးနဲ့ အိမ်ထောင်မကျခင် အပျိုလူပျိုဘဝ ဆုံကြတာလည်း ဒီမြို့နဲ့ သိပ်မလှမ်းမကမ်းက မြို့လေးမှာ။ အဲ့ဒီတုန်းက မကျော့မေက ဖရုံခြံမှာ အလုပ်လုပ်သည်။ ကိုသန်းစိုးက ငရုတ်ခြံမှာ နေ့စားအလုပ်သမား။ တစ်ရွာတည်းသားတွေ။ ဝင်ငွေမဆိုးသော်လည်း ယွမ်ဈေးက အခုလောက် မကောင်းသေး။ ယွမ် ၁၀၀၀ မှ ငွေ ၂ သိန်းစွန်းစွန်းပဲ ရသေးတာမို့ တစ်လ ၁၈၀၀/၂၀၀၀ စီတာက မြန်မာငွေနဲ့မှ ၄-၅ သိန်းပဲ ရှိဦးမည်။ ကိုသန်းစိုးနဲ့ အိုးအိမ်ထောင်ကျတော့ ဇာတိရွာကို ပြန်ကြသည်။ ဖရုံခြံ ၊ ငရုတ်ခြံမှာ အလုပ်လုပ်ရင်း စုလာတဲ့ ငွေတွေနဲ့ ရွာမှာ ဝက်မွေးမည်။ ကုန်စုံဆိုင်လေး ထောင်မည်။ ပိုက်ဆံစုပြီး ကိုယ်ဝန်းကိုယ့်ခြံနှင့် နေနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေ တသီကြီးပေါ့။ အိပ်မက်တွေ မက်လို့ကောင်းတုန်း ကိုဗစ်ကြီး ဖြစ်ပါလေရော။ ကိုဗစ်အတွင်းမှာ ဝက်ခြံလည်း အစာဖိုး ၊ ဆေးဖိုး ဆက်မတိုးနိုင်တော့ ရပ်သွားသည်။ ကပ်အတွင်းမှာပဲ သားတော်မောင် မျိုးငွေစိုးကို မွေးသည်။ သားတစ်ဖက်နဲ့ အလုပ်လက်မဲ့ဖြစ်တော့ မကျော့မေ မနေတတ်မထိုင်တတ်တွေ ဖြစ်လာသည်။ နဂိုကတည်းက အလုပ်နဲ့လက် မပြတ်ခဲ့သူဆိုတော့ အလုပ်မရှိ ယောင်ချာချာဘဝမှာ အနေခက်တာ မဆန်း။ အမေတို့နဲ့ စားအိုးပေါင်းနေတယ် ဆိုသော်လည်း ကိုယ်တစ်ယောက်တည်း သားသမီးမဟုတ်။ မကျော့မေညီမတို့ လင်မယားလည်း အမေတို့အိမ်မှာပဲ သောင်တင်နေသည်လေ။ သားလေး နို့ပြတ်ရင်တော့ နယ်စပ်ကို ပြန်တက်မယ်လို့ မကျော့မေတို့ စီမံချက်ချသည်။ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့ မကျော့မေနဲ့ ကိုသန်းစိုး အမေတို့ကို ကန့်တော့လို့ တရုတ်နယ်စပ်ကို တက်လာကြသည်။ ရွာကထွက်တော့ ပြာသိုလကြီး။ နှင်းမကွဲသေးတဲ့ မနက်ခင်းမှာ အိပ်ပျော်နေတဲ့ နို့ခွဲစသားငယ်ကို ယောက်မအပျိုကြီးလက် အပ်လို့ ရွာထိပ်ကားဂိတ်ကို ထွက်လာခဲ့သည်။ မြူတွေထဲမှာ သားလေးမျက်နှာကို မြင်ယောင်ရင်း မကျော့မေ ရင်ထဲ ဆို့တက်လာသည်။ ရွာထိပ် မူလတန်းကျောင်းလေးနားရောက်တော့ မကျော့မေ တောင့်မခံနိုင်တော့။ ခေါင်းပေါ်က အဝတ်အစားတွေ ထည့်ထားတဲ့ ကာတွန်းအိတ်ကြီးချလို့ ကျူကျူပါအောင် ငိုပါတော့သည်။ "ကျော့မေရယ်။ အခုက ခဏလေး ခွဲတာပါဟာ။ ဟိုမှာ အခြေအနေကောင်းရင် ကလေးရော မိချိုပါ လှမ်းခေါ်မှာပေါ့။ ငါလည်း ဖအေပါ။ ကိုယ့်သားသမီး ဘယ်ခွဲချင်ပါ့မလဲ။ နင်အခုလို ငိုတော့ ငါလည်း ဘယ်စိတ်ကောင်းမလဲဟာ" ကိုသန်းစိုး သူ့မယားကို ပုခုံးကိုင်ကိုင်ပြီး စိတ်ပြေအောင် ချော့ရတော့သည်။ "ကျုပ် သားလေးကို သနားလို့ပါတော်။ ကျုပ်တို့ အလုပ်လုပ်သွားမှာတောင် ကလေးက မသိဘူးတော့" "ဒါတော့ ဒါပေါ့ဟာ။ ဟိုမှာက အဆင်ပြေရင် ၃-၄ လနဲ့ ကိုယ့်သားသမီးကို ခေါ်လို့ရပါတယ်ဟ။ နင်ရောငါပါ အရင်ကလည်း နယ်ထွက်အလုပ်လုပ်ဖူးတာပဲ။ အိုးပစ်အိမ်ပစ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ အခုတော့ ပိုက်ဆံသာ ရအောင်ရှာပြီး ကိုယ့်မိသားစုနဲ့ အိုးမကွာအိမ်မကွာနေနိုင်အောင် ကြိုးစားကြတာပေါ့ဟာ။" ကိုသန်းစိုးပြောတာ မကျော့မေ သိပါသည်။ နားလည်း လည်ပါသည်။ မိသားစုအတူ နေနိုင်ဖို့ အခုနေတော့ တစ်နေရာစီ ခွဲရဦးမည်လေ။ မကျော့မေ ကြိုးစားရဦးမည်။ တင်းနေတဲ့ သံယောဇဉ်ကြိုးကို ချန်လို့ မနက်ဖြန်မှာ သာယာဖို့ ကြိုးစားရဦးမည်လေ။ (၃) နာမည်ကျော် နယ်စပ်မြို့လေး ရောက်တော့ အလုပ်တွေက စောင့်ကြိုနေသဖြင့် မကျော့မေ ဝမ်းသာသွားသည်။ ရောက်ပြီး နှစ်ရက် သုံးရက်နေတော့ ပွဲစားခ ယွမ် ၁၅၀ ပေးပြီး ဆေးလိပ်စက်ရုံထဲ ရောက်သွားသည်။ ကိုယ့်ရွာသူ ကိုယ့်ရွာသားတွေဆိုတာလည်း စက်ရုံထဲ မနည်းမနော။ အလုပ်ကလည်း သက်သက်သာသာပင်။ လစာ စားရိတ်ငြိမ်း ၁၅၀၀ ဆိုသော်လည်း ယွမ်ဈေးကောင်းပြီမို့ မြန်မာငွေ ၁၀ သိန်းပတ်လည် ရသည်။ အဘက်ဘက်က အဆင်ပြေသော်လည်း ဆေးလိပ်စက်ရုံအလုပ်က ကြာကြာတော့ မလုပ်လိုက်ရ။ နှစ်လစွန်းစွန်းလောက် လုပ်ပြီးတော့ လူလျှော့တဲ့အထဲ နောက်မှရောက်တဲ့ မကျော့မေတို့ အသုတ် ပြုတ်သွားသည်။ ကိုသန်းစိုးကတော့ ဘောက်အလုပ်ထဲ ဝင်သည်။ ငှက်ပျောထမ်းသည်။ ဖရုံခြံအဆက်အသွယ်နဲ့ နေ့စားတွေ လိုက်သည်။ စပါးပေါ်ချိန် စပါးထမ်းလိုက်သည်။ တစ်ရက် ယွမ် ၈၀ မျိုး ၁၀၀ မျိုး စီသည်ဖြစ်ရာ မကျော့မေ အလုပ်မရှိသော်လည်း မပူရ။ နေတာကတော့ လင်မယားနှစ်ယောက် ရှမ်းသူဌေးတစ်ယောက်ရဲ့ ခြံနောက်က အလုပ်သမားတန်းလျားမှာ တစ်လ ယွမ် ၅၀၀ နဲ့ အခန်းငှားနေရသည်။ နောက်တော့ ရွာက တရုတ်စကားတတ်သည့် အလုပ်ခေါင်းအဆက်နဲ့ ကိုသန်းစိုး မြေဆီအထမ်းဘက် ရောက်သွားသည်။ မြေဆီဆိုတာက မြေရှားသတ္ထုတူးတဲ့နေရာမှာ လောင်းထည့်သည့် အက်ဆစ်အိတ်ကြီးတွေ။ တစ်အိတ်တစ်အိတ် ကီလိုဂရမ် ၄-၅၀ ရှိမည်။ ဒီအိတ်ကြီးတွေကို ပေါင်းကူးလို့ ခေါ်တဲ့ ကားတစ်စီးကနေ တစ်စီး အိတ်တွေ ထမ်းသယ်ရတာ ၊ သတ္ထုဆိုက် ဂိုထောင်တွေထဲ သယ်ပေးရတာမျိုး။ ပင်ပန်းသော်လည်း ဝင်ငွေကောင်းသည်။ အလုပ်ပုံမှန် ရှိသည်။ တစ်လတစ်လ ယွမ် ၂၀၀၀ နဲ့ ၃၀၀၀ အကြား အနည်းဆုံး စီသည်။ တချို့လတွေဆို ၃၀၀၀ တောင် ကျော်သည်။ မကျော့မေလည်း သိပ်မကြာခင် တရုတ်ဆိုက်တွေမှာ ထမင်းချက်အလုပ်ရသွားသည်။ စားစရိတ်ငြိမ်း ၂၅၀၀ က စရသည်။ မကျော့မေက အလုပ်နဲ့ သိပ်တော့ အကျိုးမပေးဟု ထင်သည်။ ထမင်းချက်အလုပ် ၃-၄ လလောက် လုပ်ပြီး အလုပ်က ပြုတ်ပြန်သည်။ အလုပ်မရှိတော့ မကျော့မေ ဝမ်းနည်းပက်လက် ဖြစ်ရပြန်သည်။ ကိုသန်းစိုးကတော့ သူ့မိန်းမကို အားပေးရှာပါသည်။ "စိတ်မညစ်ပါနဲ့ဟာ။ အလုပ်က ပေါပါတယ်။ ဒီတစ်လုပ်မရ နောက်တစ်လုပ်ပေါ့ဟ။ အလုပ်မရသေးလည်း ဘာအရေးလဲ။ ငါ လုပ်ကျွေးမှာပေါ့" ကိုသန်းစိုးက မြေဆီအထမ်းဒဏ်နဲ့ မည်းသည်းခုံးထနေသည့် သူပခုံးကြီး လက်ညှိုးထိုးပြတော့ မကျော့မေမှာ ဝမ်းနည်းဝမ်းသာ။ "မဟုတ်ပါဘူးတော်။ ကျုပ်က တော်ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ မမြင်ရက်ပါဘူး။ နောက်ပြီး လင်ရောမယားပါ အလုပ်လေး ရှိနေတော့ ပိုက်ဆံလည်း စုမိမယ်။ အခုလို တစ်ယောက်တည်း လုပ်အားနဲ့က ပိုက်ဆံစုကြားကို ရမှာမဟုတ်ဘူး။" "ဘုရားတည် ကျောင်းဆောက်မှာမို့များ ဒီလောက် လောဘတက်နေတာလား မိန်းမရ" သူ့မယားစိတ်ပြေအောင် ကိုသန်းစိုးက အရွှန်းဖောက်သည်။ မကျော့မေကတော့ မရယ်မပြုံး။ "အမယ်လေး။ ဘုရားဒကာလည်း မလုပ်နိုင်သေးပါဘူးတော်။ ကိုယ်တောင် နေစရာအတည်တကျ မရှိသေးတဲ့ဟာ။ တော်ပဲ စဉ်းစားကြည်။ ကျုပ်တို့ အိမ်ထောင်သက် ၄ နှစ်ကျော်လို့ ၅ နှစ်ထဲပဲ ရောက်နေပြီ။ အခုထိ ပြန်စရာ ကိုယ်ပိုင် အိမ်ရယ်ဝိုင်းရယ် ရှိလို့လား။ ကျုပ် ပိုက်ဆံစုချင်တယ်ဆိုတာ ရွာမှာ ကိုယ့်ဝန်းကိုယ့်ခြံလေး ကပ်နိုင်အောင်ပါ။ ဒီမှာက ဘယ်နေ့ဘယ်ရက် အိမ်ပြန်လွှတ်မလဲမသိ လုပ်စားရတာမလား။ ကိုယ့်ရပ်ကိုယ့်ရွာကို ထုပ်ထုပ်ပိုက်ပိုက်လေးနဲ့ ပြန်ပြီး ခြံလေးဝန်းလေးနဲ့ နေနိုင်ရင် တော်ပါပြီတော်။ လောဘတက်တာ မဟုတ်ရပါဘူး" မကျော့မေ ပြောတော့ ကိုသန်းစိုး ငိုင်သွားသည်။ မှန်သည်။ သူသည်လည်း မကျော့မေနှင့် ဆန္ဒထပ်တူ။ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ ဘယ်တော့များမှ နေနိုင်မှာပါလိမ့်။ သူငိုင်တာ မကျော့မေ မသိအောင် သောက်လက်စ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်ပြီး မှုတ်ထုတ်လိုက်သည်။ မီးခိုးတွေအကြား ပြတင်းကနေ အပြင်ကို လှမ်းကြည့်မိတော့ သတ္ထုမြိုထားသည့် ရှမ်းတောင်တန်းကြီးများ။ မြေကျွင်းကြီးတွေနဲ့ အရေပြား အလှန်ခံရသလို တောင်တန်းများနှင့် ယန္တရားများ။ အဆင်ပြေသွားမှာဟာ လို့ပဲ မကျော့မေကို ပြောသလိုလိုနဲ့ သူ့ဟာသူ တိတ်တိတ်လေး ပြန်နှစ်သိမ့်နေလိုက်သည်။ မကျော့မေအတွက် ကံသည် ကြာကြာမဆိုးနိုင်။ ထမင်းချက်အလုပ်ပြုတ်ပြီး ၁ လအတွင်းမှာပင် အလုပ်တစ်ခုထပ်ရသည်။ ဒီအလုပ်က တော်တော်ဟန်သည်။ သူတို့နေသည့် ရှမ်းသူဌေးရဲ့ အမွှာမြေးလေးတွေ ထိန်းပေးရမည့် ကလေးထိန်းအလုပ်။ သူဌေးက တော်တော်ချမ်းသာသည်။ သူ့သမီးကလည်း ချမ်းသာသည်ပဲ။ ချမ်းသာလို့ ကလေးတောင် ဘန်ကောက်တက်ပြီး ဖန်ပြွန်သန္ဓေသားနည်းနဲ့ အမွှာရအောင် မွေးခဲ့တာပဲလေ။ ဒီကလေးနှစ်ယောက် ထိန်းဖို့ မကျော့မေကို တစ်လ ၂၀၀၀ နဲ့ ငှားသည်။ မကျော့မေတို့နေသည့် အဆောင်ခလည်း ပေးစရာမလိုတော့။ စရိတ်ငြိမ်း ယွမ် ၂၀၀၀ နဲ့ ရတော့ မကျော့မေ ပျော်လိုက်သည် ဖြစ်ခြင်း။ သူ့မယားသည်ပျော်နေတာ မြင်တော့ ကိုသန်းစိုးလည်း ဝမ်းသာနေသည်။ ပိုကျေနပ်စရာတွေက ရှိသေးသည်။ ညနေဘက် မြေဆီထမ်းကအပြန် အလုပ်ခေါင်းထည့်ပေးလိုက်သည့် ဘီယာတစ်ကဒ်နှင့် မာလာဟင်းလေးကလည်း သူ့အပျော်ကို အားကောင်းအောင် လှုံ့ဆော်နေသည်မဟုတ်ပါလား။ ရီဝေဝေ ညခင်းတွေမှာ သူတို့လင်မယားရဲ့ သာယာတော့မယ့် ရှေ့ရေးကို မျှော်ငေးရသည်မှာ ကြည်နူးဖို့ပင် ကောင်းသေးတော့သည်။ ကြည့်စမ်း ... တောင်တွေပေါ်မှာ လျှပ်စစ်မီးတဝင်းဝင်း ။ လှုပ်ရှားမှုတွေ လုပ်အားစုတွေ ရှိနေသရွေ့ မျှော်လင့်ချက်တွေ ရှိနေမည်။ ရှာဖွေလုပ်စားဖို့ မြက်နုရာစားကျက်တစ်ခုခု ရှိနေမည်။ ဘာအားငယ်စရာရှိလို့လဲ။ တရုတ်ဘီယာလေး မ,လိုက်ရင်း ရေစီးတစ်ခါ ရေသာတစ်လှည့်ပဲလို့လည်း ကိုသန်းစိုး ပီတိအပြည့်နှင့် ပြုံးမိသွားသည်။
7 months ago | [YT] | 7
တိတ်ဆိတ်ခြင်း စိတ်ပညာရင့်ကျက်လာတယ်ဆိုတာ ခံစားချက်မရှိတော့တာ မဟုတ်ဘူး။ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ဘယ်အချိန်မှာ ဘယ်လိုဉာဏ်ရှိရှိ တုံ့ပြန်ရမလဲ သိသွားတာ။ ကျွန်တော်တို့ရဲ့ ရင့်ကျက်မှုအတိုင်းအတာကို ဘယ်လို သိနိုင်မလဲ။ အကြောင်းမဲ့ အပြစ်တင်ခံခဲ့ရတဲ့အခါ ၊ မထီမဲ့မြင် အပြုခံရတဲ့အခါ ၊ ကိုယ့်ကြိုးစားမှုကို တမင် အသိအမှတ်မပြုတဲ့အခါ ၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို စိန်ခေါ်ခံရတဲ့အခါ.. ကျွန်တော်တို့ ရင့်ကျက်မှုအတိမ်အနက်ကို လာထောက်ချင်တဲ့ အတွေ့အကြုံတွေက အများကြီးပါပဲ။ ဒီလိုအချိန်မှာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားဘယ်လောက်ရှိလဲ သူ့တုံ့ပြန်မှုကို ကြည့်ပြီး သိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့သူဟာ သူ့ကို တွန်းတိုက်လာတဲ့ ဖြစ်ရပ်တွေကို ဉာဏ်ရှိရှိ ရင်ဆိုင်ပါတယ်။ တစ်ခါတစ်လေမှာ စကားလုံးတွေ လုပ်ရပ်တွေနဲ့လည်း ဖြေရှင်းကောင်း ဖြေရှင်းပါလိမ့်မယ်။ တစ်ခါတစ်ခါမှာ စကားလုံးတွေနဲ့ reaction မလုပ်ဘဲ ဉာဏ်ရှိရှိ တိတ်ဆိတ်မှုနဲ့ response လုပ်ပါတယ်။ တိတ်ဆိတ်ပေးတယ်ဆိုတာ တုံးအ,သွားတာ မဟုတ်ပါဘူး။ ကိုယ့်စွမ်းအင်ကို အလေအလွင့်မဖြစ်အောင် ထိန်းလိုက်တာပါ။ စိတ်လှုပ်ရှားမှုနဲ့ ပက်ခနဲ တုံ့ပြန်တာက ကိုယ့်ရဲ့ ခွန်အား ၊ ကိုယ့်ရဲ့ အလားအလာတွေကို တခြားသူဆီ ပုံအပ်လိုက်တာပဲဆိုတာ သိလို့ အကောင်းဆုံးတုံ့ပြန်ဖို့ အချိန်စောင့်လိုက်တာပါ။ တိတ်ဆိတ်မှုနဲ့ အချိန်တစ်ခု စောင့်ပေးတာက ဖြစ်သမျှကိစ္စတွေ နဲ့ ကိုယ့်စိတ်ခံစားချက်ကို ပြန်ဆန်းစစ်စူးစမ်းဖို့ အချိန်ပေးလိုက်တာ ၊ တွယ်ငြိဝေဝါးမှုတွေ ဖြေလျှော့လိုက်တာပါ ၊ မလိုဘဲ အပိုတွေ လိုက်ရှင်းပြနေတာတွေ ရပ်လိုက်တာ ၊ ကိုယ်ဘယ်လောက် ရင့်ကျက်တဲ့လူလဲ ပြလိုက်တာပါ။ နောက်ဆုံးမှာ တည်ငြိမ်အေးဆေးမှုက အားနည်းချက်မဟုတ်ဘဲ အကောင်းဆုံးလက်နက်ဆိုတာ ထုတ်ပြလိုက်တာပါ။ တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခြင်းဆိုတဲ့ အရည်အချင်းကောင်းတစ်ခုကို ပိုင်ထားရင် ဘဝရဲ့ ပြဿနာတွေနဲ့ စိတ်ခံစားလွယ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ မနှစ်က ထွက်ထားတဲ့ စာရေးဆရာမ Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? ထဲမှာ Emotional Response တွေကို နည်းစနစ်တကျ ထိန်းချုပ်ပြီး ရင့်ကျက်တဲ့သူဖြစ်အောင် လုပ်နိုင်တဲ့ နည်းလေးတွေ ပေးထားတာ တော်တော်ကို အကျိုးများလို့ ပြန်မျှဝေပေးချင်ပါတယ်။ ဒီစာအုပ်တစ်ခုလုံးရဲ့ အနှစ်ချုပ်က ငြိမ်းအေးတဲ့ စိတ်ပိုင်ရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ တိတ်ဆိတ်မှုစိတ်ပညာကို ဖော်ပြထားတာပါ။ တစ်ခုခုဆို အလျင်စလို တုံ့ပြန်ချင်တဲ့ ၊ တုံ့ပြန်တတ်သူတွေ ကိုယ့်စိတ်ကို ဆုံးမဖို့ နည်းလမ်းကောင်းလေးတွေကို ဒီစာအုပ်ထဲကနေ အကျဉ်းချုပ် ပြန်ဆွဲထုတ်ပေးချင်ပါတယ်။(၁) တုံ့ပြန်မှု ထောင်ချက်ကို နားလည်အောင်လုပ် Reaction ဆိုတဲ့ ခံစားချက်အတိုင်း ဆတ်ခနဲ ပြောတတ် ၊ လုပ်တတ်ရင် သင်ဟာ ထောင်ချောက်ထဲကို တိုးဝင်နေပြီလို့ သိလိုက်ပါ။ စိတ်ထဲက ရှိသလို ထုတ်ပြောတတ်တဲ့အကျင့်က သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ Stimuli ဆိုတဲ့ ပြုပြင်မွမ်းမံမထားဘဲ ချက်ချင်းအလိုအလျောက် ထွက်လာတဲ့ စိတ်ခံစားချက်က သင့်စွမ်းအားကို တခြားသူကို ပေးဖို့ ခလုတ်နှိပ်လိုက်တာနဲ့ အတူတူပဲ။ အရင်စ React လုပ်တဲ့သူ အရင်ရှုံးတယ်လို့ သိပါတယ်။ တုံ့ပြန်မှုတိုင်းက စိတ်ပိုင်းဆိုင်ရာ အကြွေးနဲ့တူတယ်။ အကြွေးသဘောဖြစ်လို့ အခုသုံးလိုက်ပြီး နောက်မှ နောင်တရတတ်ပါတယ်။ နောင်တမရချင်ရင် ကိုယ့်တုံ့ပြန်မှုကို ထိန်းပါ။ အရင်နားလည်အောင် အချိန်ပေးပါ။ (၂) Pause လုပ်တတ်ပါစေ ချက်ချင်း မတုံ့ပြန်ဘဲ ခဏလောက် နှုတ်ဆိတ်နေတာဟာ တွေဝေတာမဟုတ်ပါဘူး။ ဉာဏ်ရှိရှိ အစီအစဉ်ဆွဲလိုက်တာပါ။ မကျေနပ်စရာအတွေ့အကြုံတစ်ခု ကြုံလာရင် ချက်ချင်း ပေါက်ကွဲပစ်မလား ၊ ခဏလောက် Pause လုပ်ပြီး ဘေးထွက်စဉ်းစားကြည့်မလား ရွေးချယ်လိုက်တာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ အချိန်ယူစီစဉ်လိုက်တာပါ။ The Pause လေ့ကျင့်ခန်းကို ကျွမ်းကျင်ဖို့ ဒီစာအုပ်ထဲမှာ စာရေးသူက စက္ကန့် ၉၀ အနားပေးမှုကို အကြံပေးထားတာ ရှိပါတယ်။ စိတ်ခံစားချက်တစ်ခုရဲ့ ပျမ်းမျှကြာချိန်ဟာ စက္ကန့် ၉၀ လောက် ကြာနိုင်ပါတယ်တဲ့။ သဘောက ဒီ စက္ကန့် ၉၀ မှာ ဉာဏ်ရှိရှိ ငြိမ်သက်တတ်ရင် တစ်ဘဝလုံး ငါးပါးမှောက်မယ့် ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မယ် ဆိုတာပါ။ သင့်ပါးစပ်က စကားတစ်ခွန်း မထွက်ခင် ၊ သင့်ဖုန်းကနေ မက်ဆေ့တစ်ကြောင်း မပို့ခင် သင့်ကိုယ်သင် Strategist တစ်ယောက်လို စီစဉ်ဖို့ အချိန်အဟတစ်ခု ပေးလိုက်တာပါ။ emotion မပါတဲ့ ဒုတိယအတွေး Second Thought ကို အသုံးချဖို့ ပြင်တာပါ။ သိပ္ပံပညာရှင်တစ်ယောက်လို စောင့်ကြည့်စူးစမ်းလိုက်တာပါ။ ခံစားချက်နဲ့ လုပ်ရပ်(တုံ့ပြန်မှု) အကြား အကွာအဝေးတစ်ခုထားလိုက်တာပါ။ သတိ (Mindfulness) လို့ခေါ်တဲ့ အင်မတန် အားကောင်းတဲ့အကာအရံတစ်ခု ကာဆီးလိုက်တာပါ။ (၃) ထိန်းချုပ်မှု လေ့ကျင့်ခန်း လုပ်ပါ ပြဿနာကြီးကြီး တက်မှ တိတ်ဆိတ်မယ် ၊ တုံ့ပြန်မှုကို အသုံးချမယ်လို့ မတွေးလိုက်ပါနဲ့။ သင့် စိတ်ငြိမ်းချမ်းမှုကို ဆွဆွပေးမယ့် Trigger လေးတွေ နိစ္စဒူဝပြဿနာလေးတွေကို လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်လိုက်ပါ။ သင့်ကို စိတ်ဆွပေးနေတဲ့ လူတွေ ၊ အရာတွေ ၊ ဖြစ်ရပ်တွေက သင့်ရန်သူ မဟုတ်ပါဘူး။ သင့်ကို စိတ်ပိုင်းဆိုင်ရာ သန်မာ ရင့်ကျက်အောင် ကူညီပေးနေတဲ့ လေ့ကျင့်ဖော် ဒါမှမဟုတ် သင်ရိုးတွေလို့ မှတ်ယူပါ။ နေ့စဉ်ထိန်းချုပ်မှုလုပ်ရာမှာ အရေးကြီးတာက သင့်အမြင်ကို ပြောင်းဖို့ပါ။ သင်မြင်တဲ့အမြင်ကို ပြောင်းဖို့ သင့်ကိုယ်သင် မေးတဲ့ မေးခွန်းတွေကို ပုံစံပြောင်းကြည့်ပါ။ ဥပမာ - ငါ့ကျမှ ဘာလို့ ဒီလို ဖြစ်ရတာလဲလို့ မတွေးဘဲ "ဒီ Case က ငါကို ဘာလုပ်စေချင်တာလဲ ၊ ဘယ်လို တုံ့ပြန်စေချင်လဲ" ဆိုတာမျိုး အပြုသဘောအဖြေရှာတဲ့ဘက် ဦးလှည့်တဲ့ မေးခွန်းတွေ မေးလိုက်ပါ။ သင့်မေးခွန်းတွေကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ရင် သင့်အတွေးကို သင်ပြောင်းလဲလာနိုင်ပါမယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း လေ့ကျင့်ဖို့ လေ့ကျင့်ခန်းတစ်ခု ပေးချင်ပါတယ်။ ကိုယ့်ကို ထိခိုက်အောင် လုပ်လာတဲ့ အဖြစ်တွေ ကြုံတိုင်း စိတ်ရောရုပ်ပါ အကြောလျှော့ဖို့ လိုပါတယ်။ အသက်ရှုတဲ့အပေါ် အာရုံစိုက်ပါ။ အံကြိတ်ထားရင် ဖြေချပါ။ လက်သီးဆုပ်ထားတာ ၊ ပခုံးနဲ့ မေးကြောတွေ တင်းနေတာ လျှော့ချပါ။ စိတ်ခံစားချက်ကို အရှိန်လျှော့ချနိုင်တဲ့ အလေ့ကျင့်လေးတွေ (လမ်းလျှောက်တာ ၊ စာရေးတာ ၊ ကိုယ့်ခံစားချက်တွေ ငြိမ်သွားအောင် အချိန်ပေးလိုက်တာ) လုပ်ပါ။ အရေးကြီးတာ ဘာကိုမှ ချက်ချင်း မတုံ့ပြန်ဘဲ အချိန်တစ်ခု ပေးလိုက်ဖို့ပါ။ တိတ်ဆိတ်ခြင်းဟာ သင့်ရွေးချယ်မှု ဖြစ်ပါစေ။ သင့်ခွန်အားကို သင်ပြန် ကြိုးဆွဲနေတာပဲ ဖြစ်ပါစေ။ ဗျူဟာမြောက် တိတ်ဆိတ်မှုက အသံကျယ်ကျယ် ထင်ရာပြောတဲ့ အသိုင်းအဝိုင်းကြားမှာ အရေးအကြီးဆုံး အရည်အသွေးတစ်ခု ဖြစ်လာပါစေ။ ကိုယ့်အထင်ကို ချက်ချင်း ပြောတတ်တဲ့သူတွေထဲမှာ ဉာဏ်ရှိရှိ တုံ့ပြန်ဖို့ တိတ်ဆိတ်ခြင်း စိတ်ပညာကို နားလည်လာရင် သင်ဟာ လူတွေရဲ့ လေးစားမှုနဲ့ သင့်ကိုယ်သင် လေးစားမှုကို ရရှိမှာ အမှန်ပါပဲ။ (Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? မှ မှီငြမ်းပါသည်။)
7 months ago | [YT] | 10
စထရက်ဂဲလ်ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီး ဖြစ်ခဲ့တယ်။ 'ဖြစ်ခဲ့တယ်' လို့ ပြောလိုက်လို့ အခုတော့ အောင်မြင်သွားပြီပေါ့လို့ ထင်ကြမလားမသိ။ တကယ်တော့ ဆရာကြီး သေသွားပါပြီ။ မအောင်မြင်တဲ့ ဆရာကြီးအနေနဲ့ပဲ သေသွားတာပါ။ ၂၀၀၀ ပြည့်တစ်ဝိုက်က ကျနော်တို့ရွာ အလယ်တန်းကျောင်းမှာ ဆရာ ၅ ယောက် ၆ ယောက် ဆရာမ ၃-၄ ယောက်ထက် ပိုမရှိခဲ့ဘူး။ ဆရာမတွေကတော့ အစိုးရခန့်စစ်စစ်တွေပါ။ ဆရာတွေထဲက အစိုးရခန့်ဆိုရင် ဆရာကြီးဦးဖြူနဲ့ နောက်ဆရာကြီး ၁ ယောက်ပဲ။ ကျန်တဲ့ ဆရာတွေက ဆွဲခန့်ဆရာတွေ ၊ လုပ်အားပေး ဧည့်ဆရာတွေ .. တစ်ခါတစ်ခါ ကျောင်းစောင့်လုပ်တဲ့သူလည်း အတန်းငယ်တွေ ဝင်သင်ချင်သင်တာ။ တစ်ခါကဆို ရွာထဲက အရူးတစ်ယောက်ပါ ကျနော်တို့အခန်းထဲ စာလာသင်သေးတာ။ အရူးလုပ်တဲ့သူက စာဖတ်ပြီး ရူးသွားတယ်လို့ ပြောကြတဲ့ ယဉ်ယဉ်လေးအရူးမျိုး။ မှတ်မှတ်ရရ ကျနော့်ကိုတောင် စာကောက်မေးသွားသေး။ ကျောင်းမှာက အချိန်ပြည့်ဆရာရယ်လို့ လက်ညှိုးထိုးပြနိုင်တာ ဆရာကြီး ဦးဖြူနဲ့ နောက်သင်္ချာဆရာကြီး ဒီလောက်ပဲ။ ဒါတောင် ဆရာကြီးဦးဖြူက အတန်းတွေ ဝင်ပြီး စာပြတာမျိုးမလုပ်။ ကျောင်းအိပ်ကျောင်းစားနဲ့ မန်နေဂျာဆရာကြီးလို့ ပြောရမှာပေါ့။ ကျန်တဲ့ ဆရာတွေက အာဂန္တုတွေ။ တချို့ဆရာတွေက မိုးတွင်းရောက်ရင် ကျောင်းမလာတော့ဘူး။ ယာထဲတောထဲ ရောက်သွားတော့တယ်။ တချို့လည်း သစ်ပွဲစားအလုပ်ကောင်းတဲ့ရက် ကျောင်းဘက် မလှည့်တော့ဘူး။ ဆရာတွေ ကျောင်းမမှန်တော့ ကျောင်းသားတွေလည်း ကျောင်းခန်းနဲ့ နေ့နံမကိုက်ကြတာ ဘာဆန်းမှာမို့လဲ။ ကျနော်တို့ဆို အလယ်တန်းမတက်ခင်အထိ ကိုယ့်အတန်း ကိုယ့်ခုံရယ် အတည်တကျ ရှိခဲ့တာ မဟုတ်။ မရှိဆို ကျောင်းကို ပုံမှန်မတက်ဖြစ်တာ။ ကျောင်းတက်တဲ့ကောင်တွေ ဆိုတာလည်း စာသင်ချင်လို့ မဟုတ်ဘူးရယ်။ ကျောင်းခန်းကို ကစားကွင်းလို စုရပ်လုပ်ပြီး ဆော့ချင်လို့ ကျောင်းလာတဲ့ကောင်တွေ။ ကျောင်းဝန်းတစ်ခုလုံးမှာ စည်းရိုးပျက်တွေ ဖရိုဖရဲ။ တစ်ကျောင်းလုံးလည်း လေးတန်းကျောင်းဆောင်ရှေ့က ယူကလစ်နှစ်ပင်ကလွဲရင် တစ်ဝန်းလုံး မြက်ယောင်းခြောက်တွေနဲ့ ဖုံးလို့။ လေပွေပူတွေ တိုက်လာရင် မြက်ခြောက်သံတရှဲရှဲက ခပ်လှမ်းလှမ်း စာသင်ခန်းတွေကနေတောင် ကြားရတယ်။ ကျောင်းက ရွာနှစ်ရွာအလယ်မှာ ဆိုတော့ ဟိုရွာဒီရွာ ဖြတ်သွားတဲ့သူတိုင်းက ကျောင်းအခြေအနေကို အစင်းသိပြီးသား။ "ကျောင်းကလည်း စည်းကမ်းပျက်ချက်ကွာ။ ဘယ်လိုဆရာတွေများ ကိုင်နေပါလိမ့်" ဆိုတာက အပျော့ပြောင်းဆုံး ဝေဖန်ချက်။ ဒီထက် ပါးစပ်ရဲတဲ့ ရွာသားတွေဆို "ကိုဖြူကြီးနဲ့တော့ ကျောင်းပျက်မှာပဲ" ဆိုတာမျိုး နာမည်ပါ တပ်ပြောတာ။ ဒီလို ဗရုတ်သုက္ခတောကျောင်းလေးမှာ ဗြဟ္မာ့ဦးခေါင်းကိုင်ဖို့ ဆရာကြီးဦးဖြူက ကျောင်းအုပ်လာဖြစ်ခဲ့တာ။ သူ့ကံပဲလို့ ပြောရမှာပေါ့။ ဆရာကြီးက အောက်အရပ်သား။ နာမည်အတိုင်းပဲ အသားက ဖြူတယ်။ လူက လူဖလံလေး။ နှုတ်ခမ်းမွေးကုပ်ကွေး ၊ လက်ပြင်ကုန်းလေးနဲ့။ နတ်စင်သာသာသာ သုံးပင်နှစ်ခန်း သူ့ရုံးခန်း အုတ်တိုက်လေးထဲမှာပဲ သူ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းတာ များတယ်။ တနင်္လာနေ့လို Assembly စီတဲ့ ရက်ပဲ အုတ်တိုက်လေးရှေ့ အလံတိုင်ရှေ့ရပ် အသံတိုးတိုးနဲ့ စကားနည်းနည်းပြောတယ်။ ဆရာကြီးရဲ့ ပိန်သေးသေး ကိုယ်လုံးလေးပေါ်မှာ ကျောင်းဝတ်စုံအဖြူကြီးက ဖားဖားယောင်းယောင်း။ လေထန်တဲ့နေ့တွေမှာ ဆရာကြီးဟာ လေနဲ့အတူ လွင့်ပျံသွားမလား အောက်မေ့ရတယ်။ ဆရာကြီး ကြည့်ရတာလည်း လေပေါ်ပျံလို့ရရင် ပျံသွားချင်သလိုမျိုး။ ဒီနေရာနဲ့ ဝေးနိုင်သမျှ အဝေးကြီး ထွက်ပြေးဖို့ အသင့်ဖြစ်နေတဲ့ပုံ။ ဆရာကြီးရဲ့ တစ်နေ့တာကို ကျနော်တို့ သိပ်မသိကြဘူး။ မသိဆို ဆရာကြီးက သူ့ရုံးခန်း အုတ်တိုက်လေးထဲကကို ထွက်တယ်မှ မရှိတာ။ ကျနော်တို့ ပြောနိုင်တဲ့အချက်က ဆရာကြီးဟာ အမြဲလိုလို မူးနေတော့တာပဲဆိုတာ။ ဆရာကြီး မမူးတဲ့ရက်က ရှားပါတယ်။ ကျောင်းအပ်လက်ခံတဲ့ ရက်မျိုး ၊ ကျောင်းစစ်လာတဲ့ရက်မျိုး ၊ မိဘဆရာအစည်းအဝေး ရှိတဲ့နေ့မျိုးလောက်ပဲ လွတ်မယ်ထင်တယ်။ ဒါလည်း ညနေဆို မူးတော့တာပါပဲ။ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်က ကျောင်းစောင့် ၊ ကျောင်းစာရေးနဲ့ ကျနော်တို့ရွာက ဆွဲခန့်သမိုင်းဆရာပဲ။ ဆရာကြီးတို့ နေ့တိုင်း သောက်တယ်ဆိုတော့ ပိုက်ဆံပေါသားပဲ မထင်လိုက်နဲ့။ အတော်များများက တောင်ရွာ မြောက်ပိုင်းအရက်ဆိုင်က အကြွေးစာရင်းဖွင့်သောက်တာ။ အရက်ကို အကြွေးယူပေးရတာက ကျနော်တို့ ကျောင်းစောင့်ဆိုပေမယ့် တစ်ခါတစ်ခါ ကျောင်းဆင်းလို့ မပြန်သေးဘဲ ကျောင်းဝင်းထဲ ဘောလုံးကန်နေတဲ့ ကျနော်တို့ ယူပေးရတာလည်း ရှိတာပါပဲ။ တစ်ခါက ဆရာကြီးတွေကို အရက်သွားပေးရင်း ရုံးခန်းထဲက ပြတင်းဘက် မျက်နှာမူထားတဲ့ အလုပ်စားပွဲပေါ်မှာ ဝကစ်ကစ် ကလေးပေါက်စလေး ချီပြီး ပြုံးရယ်နေတဲ့ အသားဖြူဖြူ အသက် ၃၀ တန်း လူလတ်ပိုင်းတစ်ယောက်ရဲ့ ဓါတ်ပုံကို မြင်ဖူးတယ်။ လူက ပိန်သွယ်သလောက် စိတ်ရောရုပ်ပါ ကြံ့ခိုင်ပြီး ကြည့်ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ပဲ။ သမိုင်းဆရာက ကျနော်တို့ ဝယ်လာတဲ့ အရက်ပုလင်းကို လှမ်းယူရင်း ကျနော်တို့ ဓါတ်ပုံကြည့်နေတာ သတိထားမိသွားတယ်။ "ဘယ်လိုလဲ ချောတယ်မလား။" တဲ့ ဆရာက ပေါ့ပေါ့ပါးပါး စကားစတော့ ကျနော်တို့လည်း မေးရဲသွားတယ်။ "အဲ့ဒါ ဘယ်သူလဲ ဆရာကြီး" ဆိုတော့ သမိုင်းဆရာက ဆရာကြီးဦးဖြူဘက် မေးငေါ့ပြတယ်။ ဆရာကြိးဦးဖြူက ခေါင်းကြီးငုံ့လို့။ ရေချိန်ကိုက်သွားလို့တော့ ဟုတ်ဟန်မတူ။ ဆရာကြီး ရှက်နေတာပဲဆိုတာ ကျနော်တို့ သိလိုက်တယ်။ "တို့ဆရာကြီးက ချောသားပဲ။" ကျနော်တို့ထဲက စကားသွက်သွက်ကျောင်းသားတစ်ယောက် ပြောတော့ ဆရာကြီး ခေါင်းထပ်ငုံ့သွားတယ်။ သမိုင်းဆရာကတော့ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်တွေမို့ ပြောရဲဆိုရဲရှိတယ်။ "မင်းတို့ဆရာကြီးက လူတင် ဖြောင့်တာမဟုတ်ဘူး။ ဉာဏ်ကလည်း သိပ်ထက်တာ။ ဆယ်တန်းကို ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်ပြီး ပညာရေးတက္ကသိုလ်ကို စတိုင်ပင်နဲ့ ရောက်လာတာ။ မိဘသာ တတ်နိုင်ရင် အဲ့ခေတ်က ဆေးတို့ RIT တို့လည်း အေးဆေးတက်လို့ရတယ် နောဆရာကြီး" ဆိုပြီး ဆရာကြီးဦးဖြူဘက် လှည့်ပြီး အတည်ပြုသလိုပါ ပြောလိုက်သေး။ "ဒါတွေ ပြီးခဲ့ပါပြီ" တဲ့။ ဆရာကြီး ဦးဖြူက တိုတိုနဲ့တိုးတိုးဖြေတယ်။ ဆရာကြီးက အနီးကပ်ကြည့်မှ တော်တော်အိုစာနေတာ တွေ့ရတယ်။ ဆရာကြီးအသက် ဘယ်လောက်ရှိမလဲ ကျနော်မပြောတတ်။ ကျွန်တော်တို့ကျောင်းက ဆရာကြီး ကျောင်းအုပ်လုပ်သွားတဲ့ နောက်ဆုံးကျောင်း ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်လို့ တွေးမိတယ်။ ဒီလို သောက်ပုံနဲ့ဆို အစိုးရက ပင်စင်မပေးခင် ပယင်းရောင်တွေက ဆရာကြီးကို ပင်စင်ပေးလိမ့်မယ်လို့လည်း စိုးရိမ်စိတ်ဝင်မိတယ်။ ဒါပေမယ့် ဘာပြောရဲမှာတုန်း။ ဆရာကြီးက ဆရာကြီးကိုး။ ဆရာကြီးရဲ့ နောက်ခံကို ကျနော်တို့ မသိပါ။ စာသင်ခန်းတွေထဲလည်း ဘယ်တော့မှ စာလာမသင်ပါ။ တနင်္လာနေ့များဆိုရင်တော့ ဆရာကြီးကို အလံတိုင်ရှေ့မှာ လက်နောက်ပစ်လျက်သား တွေ့ရမြဲ။ မိုးပေါ်ပျံတော့မလို တဖောင်းဖောင်း လွင့်တက်နေတဲ့ ကျောင်းအင်္ကျီဖားဖားကြီးနဲ့ပေါ့။ ဆရာကြီးရဲ့ ပုံစံကတော့ တစ်နေ့ထက်တစ်နေ့ ပိုအို ပိုအားနည်း ၊ ပိုအသံတိုးလာတယ်။ တစ်ခါတစ်ခါ ကျောင်းဝန်းထဲ ဘောလုံးချိန်းကန်ကြရင်း ဆရာကြီး ရုံးခန်းဘက် ကြည့်မိတဲ့အခါ ကျောင်းဆင်းသံချောင်းအောက် အုတ်တိုက်ရှေ့ အမိုးလေးအောက်မှာ ကုလားထိုင်တစ်လုံးနဲ့ တစ်ယောက်တည်း ထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ဆရာကြီးကို တွေ့ရတတ်တယ်။ ကျနော်တို့ ဆရာကြီး အထီးကျန် တိတ်ဆိတ်နေတာမြင်တိုင်း ကျနော်တို့ စိတ်မကောင်း။ ဆရာကြီး သူ့သမီးလေးကို လွမ်းနေတာလား။ ဒါမှမဟုတ် တက်လမ်းမရှိ ဗရမ်းဗတာ ဖြစ်နေတဲ့ တောကျောင်းလေးမှာ မပျော်နိုင်ဘဲ မှိုင်နေတာလား။ ဆရာကြီးရဲ့ ပညာနဲ့ မထိုက်အောင် မလောက်ငတဲ့လစာ ၊ အနာဂါတ်ဝန်ထုပ် နဲ့ လက်ရှိပစ္စက္ခတ်အကြပ်အတည်းတွေအကြောင်း တွေးနေတာလား။ သူနဲ့ ကျောင်းနေဖက်တွေကို သတိရနေတာလား။ ဒါမှမဟုတ် ကျောင်းတုန်းက လွမ်းမောဖွယ် အချစ်ဇာတ်လမ်းဆီ စိတ်ရောက်နေတာလား။ ဆရာကြီး မလိုက်ဖြစ်တဲ့ လမ်းတွေနဲ့ လွဲချော်ခဲ့တဲ့ ဘဝရေစီးတွေကို ငေးကြည့်နေမိတာလာ။ ကျနော် မပြောတတ်။ ကုလားထိုင်ပေါ်မှာ ထိုင်လျက်တောင် လက်ပြင်ကုန်းကုန်းနဲ့ ချုံးချုံးကျနေတဲ့ ဆရာကြီးဦးဖြူရဲ့ပုံစံကိုတော့ အဝေးကပါ လှမ်းမြင်နေရတယ်။ ဓါတ်ပုံထဲက ဆရာကြီးရဲ့ ခွန်အားနဲ့ ကြံ့ခိုင်ယုံကြည်မှုတွေ ရေနွေးငွေ့တွေလို လွင့်ပျယ်သွားပြီလား မသိ။ တစ်ရက်တော့ ဆရာကြီး ကျနော်တို့အတန်းထဲ ရောက်ချလာတယ်။ ဆရာ မလာလို့ တရုန်းရုန်းဖြစ်နေတဲ့ အတန်းထဲကို ယိုင်တိုင်တိုင်နဲ့ ဆရာကြီး ဝင်လာတော့ ကျနော်တို့လည်း ပျာယာခတ်သွားတာပဲ။ ဆရာကြီးကတော့ ဘာမှမပြော။ ကိုယ့်ခုံကိုယ်ထိုင်ကြလို့ ခပ်တိုးတိုးပဲ ပြောတယ်။ ပြီးတော့ ဘာတွေပြောမှန်းမသိ အင်္ဂလိပ်လို တစ်ခွန်းနှစ်ခွန်းပြောတယ်။ ကျနော်တို့ နားမလည်မှန်း သိလို့လား။ ကျောင်းသားတွေ မှတ်သားစေချင်လို့လားတော့မသိ။ မြေဖြူခွက်ထဲက မြေဖြူတစ်ချောင်းနှိုက်လို့ ဘလတ်ဘုတ်ပေါ် စာတစ်ကြောင်းရေးတယ်။ "Life is struggle" ကျနော်တို့အကုန်လုံး Life နဲ့ is ကို သိပေမယ့် နောက်က Struggle ဆိုတာကို မသိ။ ဆရာကြီးက ရီဝေဝေကြည့်ပြီး အသံထွက်ပြောပြသည်။ စထရက်ဂဲလ် ...ဘဝဆိုတာ ရုန်းကန်မှုပဲကွ။တဲ့ ဘာရုန်းကန်မှုလဲတော့ မသိ။ ကျနော်တို့ သိတဲ့ ရုန်းကန်တယ်ဆိုတာ ဘောလုံးဆွဲပြေးပြီး တစ်ဖက်လူကိုကျော် ဂိုးထဲ ကန်ထည့်တာပဲ။ ဆရာကြီးကတော့ အလေးအနက်။ "လူ့ဘဝဆိုတာ ရုန်းကန်မှုပဲ။ ရှင်သန်ဖို့ ရုန်းကန်ရတယ်။ ထမင်းစားရဖို့ ရုန်းကန်ရတယ်။ ဟော ... ပညာတတ်ဖို့ ရုန်းကန်ရတယ်။ လိုချင်တဲ့ ရည်းစားရဖို့အထိပါ ရုန်းကန်ရတယ်ကွာ။ ဆရာကြီးလည်း ရုန်းကန်ရတယ်။ မင်းတို့လည်း ရုန်းကန်ရတယ်။ ရုန်းကန်မှုက ဘဝ , ဘဝက ရုန်းကန်မှုပဲ။ စထရက်ဂဲလ် ဘာတဲ့ " ကျနော်တို့တတွေ "စထရက်ဂဲလ်" ဆိုပြီး ပျော်ပျော်ကြီး အော်တော့ ဆရာကြီး ဝမ်းသာသွားတယ်။ "မှန်တယ်ကွ။ စထရက်ဂဲလ်...ဟဲဟဲ စထရက်ဂဲလ် မှတ်ထားနော်"တဲ့။ ဆရာကြီးက တဟဲဟဲနဲ့ ရယ်ရင်း စာသင်ခန်းထဲက ယိုင်တိုင်တိုင် ပြန်ထွက်သွားတယ်။ ကျနော်တို့ အားလုံး တစ်ယောက်တစ်ပေါက် ဖြစ်ကျန်ခဲ့တယ်။ ကျနော်ကတော့ ဘလက်ဘုတ်ပေါ်က လက်ရေးလှလှနဲ့ ရေးထားတဲ့ Life is struggle ဆိုတဲ့ စာကြောင်းကို စိုက်ကြည့်နေမိတယ်. ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီးပါ။ ကျနော်တို့ ၈ တန်းနှစ်မှာ ဆရာကြီး အနားပေးခံရတာလား ၊ ကျောင်းပြောင်းကျတာလား မသိ။ ဆရာကြီးနဲ့ ကျနော်တို့ တောကျောင်းလေး ရေစက်ကုန်ခဲ့ပါတယ်။ နောက်ကျောင်းအုပ်ဆရာမကြီးလက်ထက်မှာ ကျောင်းက တော်တော်လေး တိုးတက်တာတော့ အမှန်ပဲ။ အထက (ခွဲ)တွေ ဘာတွေ ဖြစ်လို့ ။ အစိုးရခန့် ဆရာစစ်စစ်တွေနဲ့ ၊ စည်းရိုးတောင့်တောင့် ထုံးဖြူဖြောင့်ဖြောင့်လမ်းတွေနဲ့။ ကျောင်းလည်း ကျောင်းနဲ့တူသွားပြီ။ ရွာကလူတွေဆို ဆရာမကြီးကို သိပ်ချီးကျူးကြတာပဲ။ ဆရာကြီးဦးဖြူကတော့ အမေ့လျော့ခံ ဖြစ်သွားပြီပေါ့။ ကျနော်တို့ တက္ကသိုလ်တက်ချိန် ဆရာကြီးဦးဖြူ ဆုံးပါးသွားတယ်။ သူ့ဇာတိ အောက်အရပ်က အိမ်အိုလေးထဲမှာ ဘဝဆီမီး ငြိမ်းခဲ့တယ်လို့ ကြားပါတယ်။ ဆုံးတော့လည်း ချို့ချို့တဲ့တဲ့ဆိုတော့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ကျနော်တို့မှာ စိတ်မကောင်း။ အခုခေတ်လိုသာ Social Media တွေ အားကောင်းရင် ဆရာကြီးမဆုံးခင် ကျနော်တို့ ကျေးဇူးဆပ်နိုင်လိုက်မှာလို့ တွေးမိတယ်။ ဆရာကြီးက လွမ်းစရာမကောင်းဘူး ဆိုပေမယ့် သတိရစရာကောင်းတယ်လို့ ထင်တယ်။ သူ့ဘဝက သူပုံစံလို ယိုင်နဲ့နဲ့ ဖြစ်ခဲ့တာတွေ ၊ အရက်ကြိုက်သလို ရှက်တတ်တဲ့ ပညာတတ်ကြီးတစ်ယောက်အဖြစ် နေထိုင်ခဲ့တာတွေ ၊ လူလေးစားမခံရတဲ့ , လက်ရည်တူမိတ်ဆွေ မရှိ အထီးကျန်ဆရာကြီးအဖြစ် မိသားစုနဲ့ ဝေးကွာရာမှာ လေလွင့်ခဲ့ပုံတွေ ၊ တပည့်တွေနဲ့ တရင်းတနှီး နေချင်ခဲ့တဲ့ အမူအရာတွေ ၊ ညနေ ညနေ ရုံးတက်ရှေ့ ထိုင်ခုံပေါ် ကုန်းကုန်းလေးထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ပုံတွေ ၊ ဘဝမှာ တစ်ခါဖြစ်ဖြစ် အကောင်းဆုံးစိတ်ဓါတ် ရုပ်ရည်နဲ့ ပျော်ရွှင်နိုင်ခဲ့တဲ့ ဆရာကြီးရဲ့ နေ့ရက်တွေကို ကျနော် စိတ်မှန်းနဲ့ သတိရမိပါတယ်။ တစ်ခါတစ်ခါ ဆရာကြီးရဲ့ စိတ်အနက်ရှိုင်းဆုံး အောက်အလွှာမှာ ဘာတွေ ရှိခဲ့လဲ ကျနော် သိချင်မိတာ အမှန်ပဲ။ ဆရာကြီးလည်း သူ့နည်းသူ့ဟန်နဲ့သူ ရုန်းကန်ခဲ့ရမယ်လို့တော့ ကျနော် ပြောရဲတယ်။ ဆရာကြီးရဲ့ဘဝကို စကားလုံးတစ်လုံးနဲ့ ပြောကြေးဆို ဘလက်ဘုတ်ပေါ် သူရေးပြခဲ့သလို Struggle လို့ ရေးပြရင် ပြည့်စုံသွားမယ် ထင်ပါတယ်။ လူ့အဖြစ်ရဲ့ ထူးခြားချက်တစ်ခုမှာ နောက်ခံအကြောင်းတွေ မသိလည်း အဓိပ္ပါယ်တစ်ခုခု ဆွဲထုတ်နိုင်တာပဲ မဟုတ်လား။ ဆရာကြီးရဲ့ အဓိပ္ပါယ်ဆိုရင် စထရက်ဂဲလ်လို့သာ ပြောပြချင်ပါတယ်။
နောက်နှစ်ခါ တန်ဆောင်မုန်း ...ဒီအချိန်ဆို ကိုယ်တို့ဇာတိသည် တောင်ကုန်းတွေအကြား ပြာတာတာ မြူတို့နှင့် လဲ့လဲ့မှုန်နေရော့မည်။ ရွာအပြင် ကွင်းစပ်တွေမှာတော့ ထွန်ယက်ထားတဲ့ ပဲခင်းတွေ ၊ သူ့အစုနဲ့သူ ပုံထားတဲ့ ပဲရိုးပုံတွေ ၊ ရှို့မီးတွေနဲ့ လှနေရော့မည်။ ညနေရီရဲ့ တိတ်ဆိတ်တဲ့ တောတန်းသည် နုညက်တဲ့ မြေအနံ့ ၊ ဆည်ဘက်က ရေငွေ့ပါ လေအေးဓါတ်နဲ့ ငြိမ်းချမ်းငြိမ်သက်တဲ့ ရှုမျှော်ခင်းထဲမှာ အဆုံးအဆမဲ့ သာယာနေပေမည်။ အရာရာပြောင်းမယ့် တန်ဆောင်မုန်းလပေပဲ။ ပူလောင်ခဲ့တဲ့နွေညများ ၊ အိုက်စပ်စပ် မိုးရက်များ,,,, အားလုံးကို တန်ဆောင်မုန်းက လက်ပြသွားခဲ့ပြီ။ ရိတ်သိမ်းပြီးစ ကွင်းပြင် ယာခင်းမွမွထက် ပဲအိတ်တွေပေါ် ပက်လက်လှန်ရင်း ညနေရီကို ခံစားရသည်မှာ ဘဝတစ်ခုရဲ့ အဓိပ္ပါယ်မလား။ ဆောင်းညများလည်း စချေပြီကော။ တိတ်ဆိတ်နေတဲ့ ယာပြင်တန်းကနေ ရွာဘက်ကို ငေးကြည့်ရင် မှိုင်းရီနေတဲ့ အိပ်မက်ဆန်ဆန် ရွာကလေးတစ်ရွာ ရှိနေသည်။ တလျှောက်လုံး ပင်ပန်းကြီးစွာ ရှာဖွေစားသောက်ခဲ့သူများ ဒီရွာထဲမှာ အိပ်သူအိပ် ၊ အပန်းဖြေ တစ်ခွက်တစ်ဖလား မော့သူမော့လိမ့်မည်။ ဘယ်သူပြောနိုင်မလဲ။ မိသားစုနဲ့အတူ ပူးချည်ကပ်ချည် အိမ်ပြန်လာတဲ့ ယောက်ျားတစ်ယောက်လို အိမ်ရနံ့ကို လွမ်းသူလည်း လွမ်းလိမ့်မည်ပဲ။ တောင်ကုန်းတောတန်းကနေ နေဝင်ပြီးစ ညနေမှာ ငေးကြည့်ရသည်မှာ အရာအားလုံး လွဲမှားကောင်း လွဲမှားနိုင်မည်။ အားလုံးနီးနီး မှန်ကောင်းလည်း မှန်နိုင်မည်။ ဘယ်သူ ပြောနိုင်မလဲ။ အမှန်အမှားက ဘယ်လောက်များ ခြားနားသလဲဆို။ တန်ဆောင်တိုင်ရင် ကိုယ်လွမ်းတာတွေမှ အများကြီး။ ဒီအချိန်ဆို ရွာထဲ ရပ်ကွက်တွေက ကာလသားခေါင်းတွေ ၊ အပျိုချော ၊ ကာလသားတွေ ပေါင်းလို့ ရွာဘုန်းကြီးကျောင်းဆီ သွားတော့သည်။ သွားတယ်...ဆိုလို့ တစ်ယောက်တစ်ပေါက်တော့ မဟုတ်။ အားလုံး စုပြီး ပျော်ပျော်ပါးပါး လူစုလူဝေးနဲ့ သွားကြခြင်းပင်။ အလှဆုံးဆိုသော မိန်းကလေးများ ၊ အထက်ဆုံးဆိုသော ယောက်ျားသားများ အသားနားဆုံးဆိုသော အဝတ်အစားများနှင့် ကိုယ်တို့အိမ်မြောက်ဘက် လမ်းထောင့် ၊ ဆိုင်းဆရာရဲ့ အိမ်နားမှာ စုရပ်လုပ်ကြသည်။ ညနေရီက လူတိုင်းကို လှစေတယ် ထင်သည်။ အကျည်းတန်သော (သို့မဟုတ်) လ ယ်ထဲ ယာထဲမှာ ရွက်ကြမ်းရည်ကြိုဟုသာ ထင်ရသော မိန်းကလေးများ အားလုံး လှနေသည်ပဲ။ သနပ်ခါးပါးပါး အာချီမိတ်ကပ်နံ့များ ၊ မျက်ခုံးထူထူ တန်းတန်းများ ။ အရင်နှင့် မတူတော့တဲ့ လဲ့လဲ့လွင် စကားငြင်သာ ပြောသံများ... ကလေးဘဝကတည်းက ကိုယ်ဟာ တန်ဆောင်တိုင်မင်းသမီးများကို စွဲလမ်းခဲ့ပါသည်။ ငေးကြည့်ရုံနဲ့တင် ရှင်သန်ခြင်းအဓိပ္ပါယ်ကို ခံစားနိုင်ခဲ့ပါသည်။ သူတို့ သိပ်လှလေသလား? မဟုတ်ဘူးဆိုတာ သိပါသည်။ သို့သော်ငြား တန်ဆောင်တိုင် ညနေရီမှာ ဘယ်သူမဆို လှနိုင်တယ်ဆိုတာ သိပါသလား။ တန်ဆောင်တိုင်ညများမှာ ကိုယ်ဟာ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ငေးမောကြည့်နေမိသည်။ အားလုံး လှသင့် အရောင်အဝါတင့်တယ်သင့်တဲ့ အချိန်ပဲလို့လည်း နားလည်ခဲ့သည်။ ကောက်နံ့သင်းသင်း ၊ ပဲနံ့မွှေးမွှေး နှင့် မြောက်ပြန်လေအေးအေးတို့အကြားမှာ လူတစ်ယောက်ရဲ့ အလှဆုံးအရွယ် , အလှဆုံးအချိန် , အလှဆုံးပုံရိပ်ကို ပြသင့်တယ်လို့လည်း ခံစားမိတာ ပါတာပေါ့။ လူတွေဟာ ဆီမီးကိုယ်စီ ပန်းကိုယ်စီနဲ့ နေဝင်ဖျိုးဖျ လထွက်စမှာ အိုးစည်ဗုံမောင်းတို့နှင့် ရွာဦးကျောင်းဆီ ဦးတည်ကြသည်။ ဖိတ်ဖိတ်တောက် လရောင်အောက် ဆီမီးရောင်စုံတန်းနဲ့ လူတန်းကြီး ပျော်ပျော်ပါးပါး ဘုရားသွား ကျောင်းတက်ကြတာ ကိုယ့်အဖို့ အမြဲအံ့ဩစရာပဲ။ တစ်ဖက်မှာလည်း သူတို့ရဲ့ ပေါ့ပါး လွတ်လပ်စွာ ယုံကြည်လွှတ်ချမှုတွေဟာ ကိုယ့်အဖို့ဟာ ထူးခြားတဲ့ အလှတရားတစ်မျိုးပါပဲ။ လူဆိုတာ တစ်ခုခုကို ယုံကြည်နေဖို့ လိုတဲ့ သတ္တဝါမျိုးလို့ ကိုယ်နားလည်ထားသည်။ "မယုံတော့ကော?" အေး ... ယုံကြည်စရာတွေ မရှိလို့ဖြစ်ဖြစ် မယုံတတ်တော့ရင်ပဲ ဖြစ်ဖြစ် ကြာရှည်စွာ တစ်ကိုယ်တော် နေထိုင်တဲ့အခါ ပျော်စရာ ပေါ့ပါးမှုတွေ မရှိတော့တာ ကိုယ်တွေ့ပဲ။ ငယ်ငယ်က ရွာလူပျက်တွေ တန်ဆောင်တိုင်ခါ အိုးစည်ဒိုးပတ်နှင့် ဘုန်းတော်ကြီးကျောင်း သွားကြတဲ့အခါ လူတွေ ဆိုလေ့ဆိုထရှိတဲ့ သီချင်းတစ်ပုဒ် ရှိဖူးသည်။ သီချင်းက လူတိုင်းသိပြီးသား တန်ဆောင်တိုင်သီချင်းပါ။ ဘာတဲ့။ "အဖိုးကြီးအို ခါးကုန်းလို့ မသေပါနဲ့ဦး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည်ပါဦး"တဲ့။ ဘာပွဲကို ကိုယ်တို့ ကြည့်ရမှာလဲ။ လှပဆန်းပြား ညများသည် အတိတ်နဲ့သာ သက်ဆိုင်ပြီး ပစ္စုပ္ပန်ကို တကျွတ်ကျွတ်မြည်သံနဲ့ ဖြတ်သန်းနေရပြီကိုး ။ နောက်နှစ်ခါ တန်ဆောင်မုန်းသည် ဘယ်လောက်များ လှလို့ ဘယ်တော့များမှ ကံဆုံကြမလဲ။ ကိုယ် မတွေးတတ်။ မတွေးရက်တော့ပါ။ တန်ဆောင်တိုင်ညများမှာ ဆန်းပြားစွာ လူးလွန့်မိုးထိုးတက်သွားတဲ့ မီးပုံးများ ဘယ်လောက်အမြင့် ရောက်ခဲ့ပါသလဲ။ လှပစွာ ပေါက်ကွဲ ,,, ရဲရင့်စွာ လောင်ကျွမ်း ။ ဒီဘဝများနှင့် ဘာများ ခြားနားပါသလဲ။ မေးခွန်းတွေလည်း တန်ဆောင်တိုင်မီးပုံများနှယ် တရိပ်ရိပ်မြင့်တက်။ မိုးအကုန် ဆောင်းအကူးတွေမှာ မီးပုံးအသေးတစ်ခုတလေဖြစ်ဖြစ် သင်တို့၏ အရပ် ညကောင်းကင်ထက် တွေ့ကောင်း တွေ့နိုင်ပါသည်။ တွေ့သည့်အခါ သင်ဘာတွေ စဉ်းစားမိပါသလဲ။ တိမ်တွေထဲအထိ ရောက်သွားတဲ့ မီးပုံးများဆီ ငေးရီရင်း ဘဝအမောတွေ လွှင့်ပစ်လိုက်တဲ့ အတွေးတွေလား ၊ သင် ပြန်မရတော့တဲ့ လှပအကျည်းတန် အတိတ်ဆန်တဲ့ မြင်ကွင်းတွေများလား။ သင်ဘာကိုတွေးတွေး,,, သင့်ဟာသင် ဘယ်လောက်ပဲ တစ်ကိုယ်တော်ခံစားရခံစားရ တန်ဆောင်မုန်းညများကို သင်ဆန္ဒရှိသလို လှပစွာ ပြန်လည်လာစေချင်သူတစ်ယောက်တော့ ရှိခဲ့သည်ဟု ပြောချင်ပါသည်။ ထိုသူသည် ကျနော်ဖြစ်နိုင်သလို အခြားသူတစ်ဦးလည်း ဖြစ်နိုင်ပါသည်။ တူညီသည့်ခံစားချက်ကို မတူသူများလည်း ခံစားနိုင်ပါသည်။ ထိုသို့ နားလည်ပေးဖို့ လိုပါသည်။ တန်ဆောင်မုန်းညများသည် ကိုယ်တို့ရှိရှိ မရှိရှိ ဆက်၍ ရှိနေမည်။ လောကတစ်နေရာ ဖြတ်လျှောက်ဧည့်သည်ဖြစ်ခဲ့ရခြင်းမှာ ဘာအထူးဆုမှ မျှော်လင့်မရသော်ငြား ကိုယ့်ကိုယ်ကိုယ် တစ်စုံတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားနိုင်ခဲ့ခြင်းသည် အမြတ်ဆုံးဆု ဖြစ်ကောင်းဖြစ်နိုင်သည်။ မော့ကြည့်တဲ့အခါ လသာသည်ကို မြင်လျင် သင်ကံကောင်းပါလိမ့်မယ်။ (သင် ရှင်သန်နိုင်တုန်းပဲဆိုသည့် အခိုင်မာဆုံးသက်သေပင်။) သင်ကြည့်မိသည့်လသည် တန်ဆောင်မုန်းလ ဖြစ်သည်ဆိုလျင် သင့်ရှင်သန်ခြင်းသည် ပြည့်စုံခြင်းသို့ ရောက်ပေမည်။ နောက်နှစ်ခါ တန်ဆောင်မုန်းကို သင်မျှော်နေဖို့ မလိုတော့ပြီမလား။
7 months ago | [YT] | 12
မသေခင် ဘဝပြောင်းစေမယ့် အလေ့အကျင့်လေးတွေအခုပြောမှာက ကျနော် ဖတ်ဖူးတာလေးတွေထဲက စိတ်ကို ငြိခဲ့တာလေးတွေပါ။ ဒါကို ဖတ်ကြည့်ရင် ကျနော်ပြောတာကို သဘောတူကြပါလိမ့်မယ်။ ဘာလဲဆိုတော့ အကျင့်တွေအကြောင်း။ အကျင့်ဆိုတာ ကျနော်တို့ နေ့စဉ်လုပ်နေကျဆိုတော့ ထူးပြီး မထူးဘူးလို့ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီအကျင့်တွေကပဲ ကျနော်တို့ကို ဘယ်လိုလူဖြစ်စေဆိုပြီး ပုံဖော်သွားတာမဟုတ်လား။ ဒီတော့ ကိုယ့်အကျင့်ကိုယ် ပြင်ရင် အတော်အဆင်ပြေလိမ့်မယ် တွေးမိလို့ပါ။ မသေခင် ပြင်သင့်တဲ့ အကျင့်လေးတွေအကြောင်းကို ပြန်ပြောရရင်တော့ အိပ်ရာစောစောထ ဆိုတဲ့ ကျနော့်အမေစကားနဲ့ ပြောရမှာပါ။ တကယ်မှန်တဲ့စကားပါ။ စာတွေ ဖတ် ၊ နာမည်ကြီး motivational speaker ကြီးတွေ စကားနားထောင်ရင်လည်း အကျင့်ပြောင်းချင် စောစောထ ဆိုတဲ့စကားကြားတော့ ငါ့အမေက ဟုတ်လှချည်လားလို့ တွေးမိတယ်။ ထားပါ။ အခုတော့ မသေခင် ဘဝကို ပြောင်းလဲစေမယ်ဆိုတဲ့ အကျင့်တွေကို ကြည့်ရအောင်ပါ။ (၁) အသစ်အသစ် နေ့တိုင်းလေ့လာပါ ပညာတတ်ရင် လွတ်လပ်မယ်ဆိုတဲ့ စကားကို သေချာတွေးကြည့်ပါ။ ကျနော့်အဖေပြောတတ်သလို "အလကားစကားတော့ မဟုတ်"။ နေ့တိုင်း အသိတစ်ခု ၊ အတတ်တစ်ခု ၊ စိတ်မြှင့်တင်မှုတစ်ခု ....။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် နေ့တိုင်း လေ့လာတဲ့အကျင့်လေး မွေးကြည့်ပါ။ တိုးတက်မယ့်စာ တစ်ရက် ၁၀ မျက်နှာဖတ်သွားရင်တောင် တစ်နှစ် နှစ်နှစ်ဆို မယုံနိုင်အောင် ပြောင်းလဲသွားပါမယ်တဲ့။ တစ်နေ့ အသစ်တစ်ခု လေ့လာရင် တစ်နှစ်ကြာရင် အသိသစ် ၃၆၅ ခု ရသွားမယ်လို့လည်း စိတ်တွက်တွက်ကြည့်လို့ ရပါတယ်။ (၂) များများနားထောင် ၊ နည်းနည်းပြော ဒီအကျင့်လေးက ချက်ချင်းကို ပုံစံပြောင်း Transformation ဖြစ်စေမယ့် အကျင့်ပါ။ ဘယ်သူမဆို ကိုယ်ကပဲ အပြောသမားလုပ်ချင်ပြီး ဘယ်သူဘာပြောပြော နားထောင်ချင်တာမဟုတ်။ နောက်ဆုံးတော့ သူတစ်ပါးအတွေး ၊ အသိနဲ့ အတွေ့အကြုံကို ကိုယ် မရတော့ရုံပဲ ရှိရော။ လူတွေက နှုတ်နည်းတဲ့သူစကားဆို ပိုအလေးထားသလို ပိုနားထောင်တဲ့သူဆို ပိုလေးလေးနက်နက် ပတ်သက်တယ်။ မသေခင်လူရာဝင်ချင်ရင် သိပ်အများကြီး မပြောနဲ့။ ပြောရင်လည်း ထိထိရောက်ရောက် ပြော။ ဒါလေးကို အလေ့အကျင့်လုပ်ရင်ကိုပဲ အများကြီး ပုံစံပြောင်းသွားပါလိမ့်မယ်။ (၃) မစွန့်စားရင် နောင်တရမယ် ဘဝက တိုတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ချုပ်မထားနဲ့။ လုပ်ချင်တာရှိရင် ကောက်လုပ်လိုက်။ ဘဝမှာ တကယ်လေးတာ နောင်တပဲ။ အဲ့ဝန်မထမ်းရအောင် သေချာစဉ်းစားပြီး ယုံယုံရဲရဲသာ စွန့်စားလိုက်။ (၄) ငြင်းတတ်ပါစေ မငြင်းတတ်ရင် ခက်မယ်။ ကိုယ်လည်း မကြိုက်တဲ့အလုပ် ၊ လုပ်လည်း မလုပ်သင့်တဲ့အလုပ်ကို ဖိအားပေး./တောင်းဆို/တိုက်တွန်းလို့ ခေါင်းငြိမ့်လိုက်ရရင် ကိုယ့်ဟာကိုယ် စိတ်ပျက်သွားလိမ့်မယ်။ လာသမျှကို "ဟုတ်ကဲ့ အဆင်ပြေပါတယ်" လုပ်နေတာ ကိုယ့်ကိုယ်ကို no လုပ်နေတာပါပဲ။ မိုက်တိုင်စင် ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ လူတိုင်းရဲ့ မိတ်ဆွေလိုက်လုပ်နေရင် ကိုယ်ကိုယ်တိုင်အတွက် ရန်သူဖြစ်နေမယ်တဲ့။ အတော်စဉ်းစားဖို့ကောင်းတဲ့စကားပါ။ မှန်မှန်ကန်ကန် No လို့ပြောတာ အတ္တကြီးတာ Selfish မဟုတ် ၊ Self-love လုပ်နေတာပါ။ အလကားစကားတော့ မဟုတ်။ (၅) ကိုယ့်ကိုယ်ကိုယ် သေချာဆောက်တည် ကျန်းမာရေး လိုက်စား။ အားကစားလုပ် ၊ တရားထိုင်။ ရုပ်နဲ့နာမ်ကို အကောင်းဆုံးတည်ဆောက်ထား။ သင့်ခန္ဓာကိုယ်က သင့်ရဲ့ကျောင်းဆောင်ပါ။ သင့်စိတ်က သင့်ရဲ့စွမ်းအင်ပါဝါပါ။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ရှိရှိ ဆက်ဆံလိုက်တာက ဘယ်နှစ်နှစ် နေရရ တကယ်တန်တဲ့ဘဝပါ။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာနဲ့စိတ်ဓါတ်ကို သေချာတည်ဆောက်ထားရင် ဘဝလမ်းကို ဖြတ်သန်းတဲ့အခါ တခြားသူတွေထက် ကိုယ်ခံအားပိုကောင်းကောင်းနဲ့ ဖြတ်ကျော်နိုင်မှာပါပဲ။ (၆) ကိုယ်ပေါင်းတဲ့သူကို ဂရုစိုက် ကိုယ်ဖြစ်ချင်တဲ့သူပုံစံအတိုင်း ကိုယ်ပေါင်းတဲ့သူကို ရွေးပါ။ ကိုယ်လိုချင်တဲ့ အရည်အသွေး/အရည်အချင်းရှိတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ တိုးတက်ချင်စိတ်ရှိပြီး ရိုးသားကြိုးစားတဲ့သူတွေ ၊ အနာဂါတ်ကို ယုံကြည်ပြီး အကောင်းမြင်စိတ် မျှော်လင့်ချက်နဲ့ သံဓိဌာန်ရှိတဲ့သူတွေနဲ့ ပေါင်းပါ။ အဆိုးမြင်တဲ့သူ ၊ ကိုယ့်ဘဝထဲ အမှိုက်လာပစ်မယ့်သူတွေနဲ့ ဝေးဝေးရှောင်ပါ။ ဒီလိုလူတွေက ကိုယ့်စွမ်းအားတွေ စုပ်ယူဖျက်ဆီးတတ်လို့ပါ။ (၇) ပိုက်ဆံကို လေးစား ငွေရှာပါ။ ငွေမရှိလို့ ဒုက္ခရောက်မှာ ၊ ဘဝပျက်မှာ ၊ အနာဂါတ်မလုံခြုံမှာ တွေးထားပါ။ ပိုက်ဆံက ဘာမှ မဟုတ်ပါဘူးကွာဆိုတဲ့ စကားမျိုး သွားမယုံနဲ့။ ဘာမှမဟုတ်တဲ့ ပိုက်ဆံက သင့်ကို လူရာဝင်မှု ၊ လွတ်လပ်လုံခြုံမှုနဲ့ကိုယ်လုပ်ချင်ရာ လုပ်နိုင်စေမှုတွေကို ဖွင့်ပေးလို့ပါ။ ပိုက်ဆံကို လေးလေးစားစားရှာ ၊ ရိုရိုသေသေသုံး ။ ကိုယ့်ကို တိုးတက်စေမယ့်ဟာမှ မဟုတ်ရင် ပိုက်ဆံသွားမဖြုန်းနဲ့။ ဒီလောက် အကျင့်လုပ်ထားရင်တောင် အတော်ဟုတ်နေပါလိမ့်မယ်။
7 months ago (edited) | [YT] | 11
View 1 reply
ပျော်ရွှင်တဲ့ဘဝ stoic ရဲ့ ဒဿန လူ့ဘဝကို ဖြတ်ကျော်တဲ့နေရာမှာ လူတွေဟာ ကိုယ်စီ ကိုယ်ခံအားနဲ့ ဖြတ်သန်းရတယ် သမီး။ ဘဝဟာ ဒုက္ခဘုံကြီးပဲ ဆင်းရဲမှာပေါ့ ဆိုတဲ့သဘောကို လက်ကိုင်ထားပြီး ဒုက္ခသုက္ခကို ရင်ဆိုင်တဲ့သူတွေ ဖေဖေ မြင်ဖူးတယ်။ ဘဝက တိုတယ်။ ပျော်သလို နေကြ ၊ စုံနေအောင် ခံစားကြဆိုတဲ့ အယူအဆကိုလည်း ဖေဖေ ကြားဖူးတယ်။ ဒီအယူအဆတွေက ဘဝအတွေ့အကြုံထဲက လာတာ ရှိသလို ဘာသာရေးဆိုင်ရာ သင်ကြားမှု ၊ ပတ်ဝန်းကျင်ဩဇာရဲ့ သက်ရောက်မှုတွေလည်း လာတာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝကို ဖြတ်ကျော်တဲ့နေရာမှာ စိတ်နေသဘောထားတွေဟာ ဖောင်တွေပါပဲ။ ကောင်းမွန်ခိုင်ကျည်တဲ့ စိတ်ထားတွေနဲ့ ဘဝကို ဖြတ်ကျော်ရတာ တန်တယ်။ လှေကောင်းရွက်ကောင်းနဲ့ ပင်လယ်ချောင်းမြောင်းတွေကို ဖြတ်သန်းရသလိုပေါ့။ စိတ်ချမှုနဲ့ ကျေနပ်ဖွယ်အတိ ဖြစ်မယ်။ ခံယူချက်အလွဲတွေနဲ့ ဘဝပြဿနာတွေကို ရင်ဆိုင်ရပြီဆိုရင်တော့ မဆုံးတဲ့အရှုပ်တွေ ၊ နောင်တပူဆွေးမှု နဲ့ ဆင်းရဲတွေသာ ကြုံတွေ့ရမှာပဲ သမီး။ နောက်နှစ်နည်းနည်းမှာ သမီးဟာ လူ့ဘဝကို ဒီထက်ပို မြင့်မြင့်မြင်လာလိမ့်မယ်။ သမီး မြင်လာမယ့် လောကဟာ ပျော်စရာကောင်းမလား ၊ ထိုက်တန်ရဲ့လားဆိုတာ ဖေဖေ မပြောနိုင်ဘူး။ သမီး ကြုံမယ့် ကမ္ဘာကြီးဟာ ရက်စက်တဲ့ ကမ္ဘာကြီးလား ၊ အချင်းချင်း စောင့်ရှောက်ဖေးကူတဲ့ ဗြဟ္မစိုရ်ဘုံကမ္ဘာကြီးလား ဖေဖေ မသိပါဘူး။ အဖေတစ်ယောက်အနေနဲ့ သမီးကို ကိုယ်ခံအားကောင်းကောင်းနဲ့ လောကထဲ ရဲရဲလျှောက်ဝင် ပျော်ရွှင်စေချင်တဲ့ ဆန္ဒတော့ ဖေဖေ့မှာ အပြည့်ရှိပါတယ်။ ဒီနေ့အဖို့ ဒီအတွေးနဲ့ပဲ သမီးကို ဖေဖေ လက်ဆောင်တစ်ခု ပေးချင်ပါတယ်။ သမီးဘဝ ပျော်ရွှင်ဖို့ လက်ကိုင်ထားသင့်တဲ့ အယူအဆတစ်ခုပေါ့။ သမီးကို ကောင်းမွန်တဲ့ဘဝတစ်ခု ၊ ထိုက်တန်တဲ့ နေနိုင်ခြင်းနဲ့ ဖြတ်ကျော်အောင် ကူညီပေးမယ့် ကိုယ်ခံအားမြှင့် ဒဿနတစ်ခုအကြောင်းပေါ့။ ဒီနှစ်တွေမှာ ဖေဖေ နှစ်ခြိုက်လို့ ကြိုးစားလိုက်နာနေတဲ့ principle တချို့ပေါ့။ အဲ့ဒါကတော့ Stoicism ဆိုတဲ့ ဂရိဒဿနထဲက သင်ကြားချက်တချို့အကြောင်းပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ၊ ဆင်ခြင်တုံတရားနဲ့ ကိုယ်ကျင့်တရားနဲ့အညီ နေထိုင်မှုတွေအကြောင်း သင်ကြားတဲ့ နေ့စဉ်သုံး ဒဿနတစ်ခုအကြောင်းပါပဲ။ Stoicism ဟာ ဘီစီ ၃၀၄ တစ်ဝိုက်က စပြီး ပေါ်ပေါက်လာတဲ့ ထောင်စုနှစ်ချီ အယူအဆတစ်ခု ဖြစ်ပြီး ဒီနေ့အထိလည်း ဘုရင်ဧကရာဇ်ကနေ ဆင်းရဲသားအထိ ဘယ်သူမဆို ကျင့်သုံးလိုက်နာနိုင်တဲ့ ၊ ကျင့်သုံးလိုက်နာနေတဲ့ ကျော်ကြားတဲ့ လူမှုဒဿနတစ်ခု ဖြစ်လို့ လူတိုင်းနဲ့ အကျုံးဝင်တယ်လို့ ဖေဖေထင်တယ်။ ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ဖို့ Stoic တစ်ယောက် လိုက်နာတဲ့ စည်းမျဉ်းကို တိုတိုပဲ ပြောပါရစေ။ နောင်များမှာ သမီးဘာသာ ချဲ့ထွင်လေ့လာသွားဖို့လည်း တိုက်တွန်းပါတယ်။ (၁) မကြောက်နဲ့ ဘဝမှာ ကောင်းတာရော ဆိုးတာပါ ဖြစ်နိုင်တယ် သမီး။ ဘဝဆိုတဲ့ အစဉ်တန်းကြီးက မရေရာမှုတွေနဲ့ပဲ ပြည့်နေတာပါ။ သေချာမှုက တစ်ခုပဲ ရှိတယ်။ အားလုံး တစ်ချိန်မှာ လူ့ဘဝက ထွက်ခွာရမယ် ဆိုတာပါ။ ရှင်သန်မှု အခိုက်အတန့်တိုင်းအတွက်လည်း အာမခံချက်မရှိပါဘူး။ ဒီလို တွေးတော့လည်း ကြောက်စရာလို့ ထင်သွားလိမ့်မယ်။ ဒါပေမယ့်သမီး ။ ထိတ်လန့်မှုနဲ့ နေထိုင်သွားသမျှ တစ်စက္ကန့်တိုင်းဟာ သေဆုံးသွားတဲ့ အချိန်တွေပဲ။ တကယ့်ရှင်သန်မှုဆိုတာ ဖေဖေတို့ရဲ့ တစ်နေ့တာကို အကြောက်တရားမဲ့စွာ ၊ စိတ်ခွန်အားရှိစွာ ဖြတ်ကျော်မှသာ ရနိုင်မယ်။ သမီး အမြဲ လုပ်ချင်ခဲ့တဲ့ အရာတစ်ခုခု ရှိမယ်။ မအောင်မြင်မှာစိုးလို့ နောက်ဆုတ်သိမ်းဆည်းထားတဲ့ အိပ်မက်တွေ ရှိကောင်းရှိမယ်။ ရဲရဲသာ လုပ် သမီး။ သမီးအလွန်ဆုံး ကြုံရမှာက မအောင်မြင်တာပဲ။ ရှုံးသွားတယ်ဆိုတာ မရှိဘူး။ သမီးမှာ ကိုယ့်ဘဝကိုယ် ပိုင်တယ်ဆိုတဲ့ ခံစားချက်နဲ့ အိပ်မက်တွေနောက် လိုက်ခဲ့လို့ ကျေနပ်တယ်ဆိုတဲ့ ခံယူချက်ရှိသွားရင် သမီးဖြတ်သန်းခဲ့တာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝပါပဲ။ (၂) ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စ မခံစားနဲ့ ဘာပဲဖြစ်လာဖြစ်လာ သမီး ထိန်းချုပ်လို့ ရတာနဲ့ ထိန်းချုပ်လို့ မရတာ ဒီနှစ်ခုထဲက တစ်ခုပဲ ရှိမယ်။ သမီးလုပ်ရမှာက ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကို အကောင်းဆုံး ၊ အသားနားဆုံး ဖန်တီးတည်ဆောက်သွားဖို့ပဲ။ သမီး အာရုံစိုက်ရမှာက သမီးရဲ့ အတွေး ၊ သမီးရဲ့ လုပ်ရပ်နဲ့ ကံဆိုးမိုးမှောင်ကျမှုကို ဉာဏ်ရှိရှိ ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ ဆင်ခြင်မှုပဲ။ Stoic တွေကို အပြင်လူတွေက ခံစားချက်မရှိတဲ့သူတွေလို့ ထင်ကြတယ်။ တကယ်က Stoic တွေဟာ ဘဝပြဿနာတွေကို ရှင်းရှင်းပြတ်ပြတ်မြင်ပြီး လက်ရှိအချိန် လက်ရှိအခြေအနေအတွက် ကိုယ်လုပ်နိုင်သမျှကို လက်တွေ့ကျကျ အကောင်းဆုံး ပိုင်းခြားလုပ်တတ်ကြသူတွေပါ။ ဒါကြောင့်ပဲ သူတို့ဟာ ခံစားလွယ်ပြီး ယိုင်နဲ့လဲပြိုမသွားဘဲ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်တာပေါ့။ သမီးဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ အများကြီး ကြုံလာမယ်။ ဒီလို ကစဉ့်ကလျားအခြေအနေတွေထဲကမှ ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကို အကောင်းဆုံး ထိန်းချုပ်မောင်းနှင်ပါ။ ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကိုပဲ အာရုံပြုထားတဲ့သူက Emotional အဖြစ်နည်းတယ်။ ဝမ်းနည်းဖွယ်ရာအခြေအနေတွေရဲ့ လောင်မြှိုက်မှုကြောင့် ကျွမ်းလောင်မသွားဘူး။ အစကတည်းက Stoic တစ်ယောက်ဟာ အဆိုးဆုံးအခြေအနေတွေကို မျှော်လင့်ပြီး သူလုပ်နိုင်တာ အကောင်းဆုံးလုပ်ဖို့ ပြင်ဆင်ထားလို့ပဲ။ ပျော်ရွှင်မှု နဲ့ မျှော်လင့်ချက်ဟာ တခြားသူတစ်ယောက်က လာပေးမှ ရတဲ့ လက်ဆောင်မဟုတ်ဘူး သမီး။ ကိုယ့်ဘာသာ ဖန်တီးယူပါ။ (၃) ကိုယ့်ဥပဒေနဲ့ကိုယ် နေပါ လူ့လောကမှာ လူတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ၊ ဥပဒေ ထုံးတမ်းတွေ ရှိတယ်။ သမီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါတွေ လိုက်နာရလိမ့်မယ်။ ဒီထက် ပိုအရေးကြီးတယ်လို့ ဖေဖေ ယူဆတာ ရှိတယ် သမီး။ အဲ့ဒါက သမီးအတွက်လည်း သမီးကိုယ်တိုင် ရေးဆွဲထားတဲ့ ကိုယ်ကျင့်ဥပဒေ ၊ စံနှုန်းတွေ ရှိဖို့ပဲ။ ကိုယ့်ဥပဒေက ကိုယ့်ရဲ့ ဘဝကို ကိုယ်ဘယ်လို ဖြတ်ကျော်ချင်လဲ ၊ ကိုယ်မလုပ်ချင်တဲ့ ဘယ်တော့မှ မချိုးဖောက်မယ့် စံက ဘာတွေလဲလို့ စည်းဘောင်သတ်လိုက်တဲ့ Personalized Rules တွေပါ။ ဥပမာ - သမီးအတွက် ရိုးသားခြင်းက စံဥပဒေဆို ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ လိမ်လည်လှည့်ဖျားတဲ့အလုပ် မလုပ်မိအောင် စောင့်ရှောက်ရမယ်။ လူဟာ ကိုယ့်ဥပဒေကို ကိုယ်လိုက်နာရင်ကိုပဲ ဘဝမှာ တော်တော်ကြီး ဟုတ်နေပြီလို့ ပြောနိုင်တယ်။ ကိုယ့်ဥပဒေကလည်း ဘယ်စံနဲ့ချိန်ချိန် ဖြောင့်မတ်မှန်ကန် ကောင်းမွန်နေရင်တော့ အတိုင်းထက်အလွန်ပေါ့ သမီး။ သမီးဘဝရဲ့ စံတန်ဖိုးနဲ့ သမီးကိုယ်တိုင် လေးစားလိုက်နာမယ့် ဥပဒေကို ရှာတွေ့နိုင်ပါစေ။ Stoicism မှာ ပြောစရာတွေမှ အများကြီး။ လိုက်နာကျင့်သုံးစရာ ကောင်းမြတ်တဲ့ ညွှန်ကြားချက်တွေမှ အများကြီးပဲ သမီး။ ပျော်ရွှင်ထိုက်တန်တဲ့ဘဝ ရဖို့ Stoic ဒဿနတွေကနေ သင်ယူစရာတွေ အများကြီး ရှိသေးတယ်။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ သမီး။
7 months ago | [YT] | 9
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်... (၁) နတ်ဒေဝတာတွေ လာမကယ်ခင် ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမယ် ငါတို့အချင်းချင်း ကယ်တင်ရမယ်။ (၂) တစ်ယောက်တည်းလို့ ထင်နေပြီလား။ အနာဂါတ်မဲ့နေပြီလို့ တွေးနေပြီလား။ ဘာမှ အဆင်မပြေတော့ဘူးလို့ မြင်နေပြီလား။ ကျနော် နည်းနည်း ပြောပါရစေ။ သိပ်ခံစားနေရရင် ယုံကြည်ရသူကို ရင်ဖွင့်လိုက်တာ ကောင်းတယ်။ ရင်ဖွင့်ရလောက်အောင် ယုံကြည်ရသူ ရှိရင်ပေါ့လေ။ ဒါမှမဟုတ်လည်း Lifestyle ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် Build Up လုပ်လိုက်တာ ကောင်းတယ်။ မနက်စောဘက် ခြေလှမ်း ၁ သောင်း ရောက်အောင် လျှောက်တာမျိုး။ စိတ်ရဲ့ မွန်းကြပ်ချက်တွေကို ဟိုးအဝေး တိတ်ဆိတ်တောနဲ့ မြက်ရိုင်းလွင်ပြင်တွေဆီ စေလွှတ်ရင်းပေါ့။ အဲ့ဒီအချိန် ကိုယ်ကိုယ်တိုင် အေးချမ်းတိတ်ဆိတ်ရာတောနဲ့ တောင်တွေဆီ ရောက်နိုင်ရင် ပိုကောင်းမယ်။ ဖော်ရွေတဲ့ တောင်တွေအကြားဆို ခိုင်မတ်တဲ့ အကာအရံတွေကြောင့် စိတ်လုံခြုံရာ ရှာလို့ရရင်လည်း ရမှာပဲလေ။ မဟုတ်ဘူးဆိုလည်း တောင်တွေရဲ့ တည်ကြည်အဖော်မဲ့မှုက ကိုယ့်ရဲ့ အထီးကျန်မှုအတွက် နှစ်သိမ့်စာနာရာလည်း ဖြစ်နိုင်တာပါပဲ။ အခုပြောသလို လုပ်နိုင်အောင် အခြေအနေနဲ့ လွတ်လပ်မှုရှိရင်ပေါ့လေ။ (၃) ကျနော်ကခင်ဗျားနဲ့ အတူပဲဆိုတာ ပြောချင်လို့ပါ။ အဝေးရောက်လွင့်ပါးနေတဲ့ စိတ်တွေနဲ့ ပြန်ဆက်သွယ်ဖို့ ကျနော်တို့ ကြိုးစားနိုင်တာတွေ အများကြီး ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေဖို့ပါ။ ဘယ်လိုမှ မပျော်နိုင်တဲ့အခါ ဘာမှ မရှိတဲ့အချိန်တုန်းက ကျနော်တို့ ပျော်ရွှင်နိုင်ခဲ့တာတွေကို ပြန်အမှတ်ရနေရင် ကောင်းတယ်။ အဆင်မပြေတဲ့နေ့တွေဆိုတာလည်း အခိုးအငွေ့တစ်ခုလိုပါပဲလို့ တွေးနိုင်ရင် သက်သာရာရနိုင်ပါတယ်။ သိပ်ပင်ပန်းလာရင် ရောက်ရာအရပ်က နားလိုက်ပါ။ ၃-၄ နာရီဆက်တိုက် ထိုင်မိလို့ ညောင်းညာလေးလံနေတဲ့ ခန္ဓာကိုယ်ကိုတောင် အနည်းဆုံး ခါးလှည့် ခေါင်းခါ နေသာအောင် ပြင်ဖို့ ကျနော်တို့ သတိရသေးတာ မဟုတ်လား။ နှစ်နဲ့ချီကြာ အကြောမလျှော့လာတဲ့ နှလုံးသားကို ကြင်နာဖို့ လိုကိုလိုပါလိမ့်မယ်။ တရားထိုင်တာလိုမျိုး စိတ်ကို နက်နက်နဲနဲ ဆက်သွယ်ပြီး ရောဂါချက် ရှာနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီအဆင့်အထိ မသွားနိုင်ရင် ကျနော်အကြံပေးချင်တာလေးတချို့ကို ထည့်စဉ်းစားကြည့်စေချင်ပါတယ်။ (၄) ကျနော်တို့ ကြုံနေတဲ့ ဖိစီးဆို့နင့်နာကျင်မှုတွေဆိုတာ တစ်ခါတစ်ခါ သေချာကြည့်ဖို့ လိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကို ကျနော်တို့ တကယ်နာကျင်နေရတာလဲ အလေးအနက် မေးခွန်းထုတ်ကြည့်ပါ။ ကိုယ့်မေးခွန်းမှာ အဖြေတွေ့ရင် သက်သာရာရှာလို့ ရနိုင်ပါတယ်။ ပြဿနာကို ရှင်းဖို့ လမ်းစတွေ့နိုင်ပါတယ်။ တစ်ခါတလေတော့လည်း ကျနော် လက်လွတ်လိုက်ဖို့ လိုနေတာ ဖြစ်နိုင်တယ်။ ကိုယ်သိလျက်ဖြစ်စေ မသိဘဲဖြစ်စေ ဆုပ်ကိုင်မိတဲ့အရာတွေ ငုံ့ကြည့်လိုက်ပါ။ ကျနော်ငယ်ငယ်က အဖေနဲ့အတူ မိုးရေထဲ တောစီးရာဘာ လည်ရှည်ဖိနပ်ကြီး စီးပြီးနဲ့ ယာခင်းက ပြန်လာခဲ့ဖူးတယ်။ ရွှံတွေနဲ့ လေးလံလွန်းလို့ ကျနော်ဟာ အဖေ့ကို မှီအောင် မလျှောက်နိုင်ခဲ့ဘူး။ နောက်တော့ အဖေက ဖိနပ်ချွတ်ပေးလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ကျနော် လျှောက်သွားနိုင်ခဲ့တာ အမှတ်ရမိတယ်။ ကျနော်တို့ လွှတ်ချရမယ့်အချိန်ကို ဉာဏ်ရှိရှိ သိနိုင်ရင် ပေါ့ပါးသွားနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ငိုချပစ်ဖို့ လိုနေတာ ဖြစ်နိုင်တာပဲ။ နောက်ဆုံးအကြိမ် စိတ်အဖုအထစ်တွေ အရည်ပျော်ပြီး မျက်ရည်ကျခဲ့တာ ဘယ်အချိန်လဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ ‘ငို’ ဆိုလို့ အသံအကျယ်ကြီးနဲ့ ငိုချပစ်လိုက်ဖို့ မလိုပါဘူး။ Chopin တို့ ၊ Batch တို့ Yiruma တို့ရဲ့ စန္ဒယားတီးလုံးတွေကို တိတ်ဆိတ်ညမှာ တစ်ယောက်တည်း နားကြပ်လေးတပ် စိတ်အေးလက်အေး နားထောင်ရင်း ငိုချင်တဲ့အခါ လွတ်လပ်စွာ ငိုချတာမျိုးပါ။ မဟုတ်လည်း ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ်ကို စိတ်နှစ်ဖတ်ပြီး ငိုချင်တဲ့အခါ ငိုချပစ်ဖို့ပါ။ တစ်နည်းနည်းနဲ့ ခင်ဗျားစိတ်အတွင်းသားကို လှုပ်သွားစေမယ့် အနုပညာပစ္စည်းတစ်ခုခုကို ခံစားကြည့်စေချင်ပါတယ်။ ခံစားရလွန်းတာ တစ်ခါတစ်လေ စိတ်ကူးထဲ သိပ်နစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်အများဆုံး တွေးမိတဲ့ အဓိပ္ပါယ်မရှိတဲ့ ၊ ကိုယ့်ကို ဒုက္ခအပေးနိုင်ဆုံးအတွေးကို ပြန်ရှာကြည့်ပါ။ အချိန်ရရင် ဘယ်အတွေးကို ဒီနေ့ ဘယ်နှစ်ကြိမ် တွေးမိပြီလဲ ပြန်ချရေးကြည့်ပါ။ ဒီအတွေးကို ယန္တရားပြင်သလို ပြင်နိုင်ရင်လည်း ခံစားချက်ကောင်းသွားနိုင်ပါတယ်။ တစ်ခါတစ်လေ အလုပ်မရှုပ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ မရှိသေး/တော့လို့ မာရ်နတ်ရဲ့ အဆိုးမြင်ရေးတီးတိုးသံကို နားထောင်နေတာလည်း ဖြစ်နိုင်တာပါပဲ။ ကျနော်တို့ အားလပ်လွန်းလို့ ကိုယ့်ကို ပြန်ဒုက္ခပေးမယ့် အတွေးဆိုးတွေ ၊ ‘အထင်မှား’တွေ ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်သိပ်ဖန်တီးချင်ခဲ့တဲ့အရာ ၊ လုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုခုကို ကောက်လုပ်ကြည့်ပါ။ အကောင်အထည်ပေါ်တဲ့အထိ လုပ်ကြည့်ပါ။ မီးခြစ်ဆံချောင်းလေးတွေနဲ့ ရဲတိုက်တစ်လုံး ဆောက်တာကနေ ဟင်းအမယ်ဆန်းတစ်မျိုး ချက်တာအထိ ၊ ဝတ္ထုတစ်ပုဒ်ရေးတာကနေ အခွေသွင်းတော့မယ့်အတိုင်း သီချင်းတစ်ပုဒ်ကို အပီအပြင် ဆိုတာအထိ ကျနော်တို့ လုပ်နိုင်တာတွေ လုပ်ကြည့်ပါ။ (၅) ကျနော်ပြောချင်တာက ဘယ်လောက်ခံစားခံစား အဆုံးမဟုတ်သေးဘူးဆိုတာ ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ဖို့ ကြိုးစားစေချင်တာပါ။ ကျနော်လည်း ခင်ဗျားလိုပဲလို့ ပြောခဲ့ပါတယ်။ ကျနော်လည်း ခင်ဗျားလိုပဲ နိစ္စဒူဝ ဖိစီးချက်တွေ ၊ မသေချာမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထောက်တည်ရာရှာဖွေမရခြင်းတွေကို ရင်ဆိုင်နေရသူပါပဲ။ ကျနော်က ဘာကောင်ညာကောင်မဟုတ်ပါဘူး။ ကျနော် ယုံကြည်သလို ဘဝကို တတ်နိုင်သမျှ အကောင်းမြင်ဖို့ သင်ယူနေတဲ့သူပါ။ ကျနော်တို့ရဲ့ တိုတောင်းပြီး သက်တမ်းကုန်ဆုံးရက်မသိရတဲ့ ဘဝမှာ ကြုံသမျှ အခိုက်အတန့်လေးတွေက နောက်တစ်ကြိမ် ပြန်မရဘူးဆိုတာ ကျနော်တို့ မေ့မပစ်ဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက်ပဲ ကိုယ့်ဟာကိုယ် ညံ့တယ်ထင်ထင် ကိုယ်အောင်မြင်ခဲ့တာတွေ တစ်ခုမက ရှိခဲ့တာ ပြန်မှတ်မိဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက် အဖော်မဲ့နေပါစေ ကိုယ့်ကို ခင်တွယ်သူတစ်စုံတစ်ယောက် /ကိုယ့်အကြောင်း ပျော်ရွှင်စွာ သတိရနေသူတစ်ယောက် ရှိနေမယ်ဆိုတာကို ယုံကြည်နေဖို့လိုတယ်။ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် မကယ်တင်ရင် ဘယ်နတ်ဒေဝတာမှ ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ဖို့ လိုတယ်။ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် တကယ့်စိတ်ရင်းနဲ့ အပြန်အလှန် ကူညီကယ်တင်တာဟာ ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကယ်တင်နေတာပဲဆိုတာ နားလည်နေဖို့ လိုတယ်။ ဘုရားသခင်က ကျနော်တို့အနား အမြဲမရှိနေနိုင်တဲ့အတွက် ကျနော်တို့က ဘုရားသခင်ကိုယ်စား အချင်းချင်း စောင့်ရှောက်ဖေးကူနေရမှာ မဟုတ်လား။
တိတ်ဆိတ်မှုနဲ့ နားလည်ပေးပါ ဟဲမင်းဝေး ပြောဖူးတာ ရှိတယ်။ "ကျနော်တို့ရဲ့ အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာ ကျနော်တို့ အကြံဉာဏ်တွေ လိုတာမဟုတ်ဘူး။ ကျနော်တို့ တကယ်လိုအပ်တာက ရှိနေမှုပဲ။ " ကျနော်တို့နဲ့အတူ အရိပ်တွေထဲ အတူထိုင်ပြီး ကျနော်တို့ဒုက္ခဝေဒနာကို သူ့အတိုင်းလေး သိပေးတဲ့သူမျိုး။ အဲ့လို အချိန်မျိုးမှာ တိတ်ဆိတ်မှုနဲ့ နားလည်ပေးမှုက စကားလုံးတွေထက် ပိုအသံကျယ်တယ်။ ကျနော်တို့ တစ်ယောက်တည်း မဟုတ်ပါလားဆိုတာ အမှတ်ရစေမယ့် တိတ်ဆိတ်တဲ့ ခွန်အားပေးရင်းပေါ့။ ဒါက ကျနော်တို့ ရှာနေတဲ့ အဖြေမဟုတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ပေးနိုင်တယ်။
7 months ago | [YT] | 4
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးလာတဲ့အခါ သတိရသင့်တာတွေ လူတွေဟာ အမြဲတမ်း ထက်သန်နိုးကြားတဲ့စိတ်နဲ့ ရှင်သန်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဘဝဟာ အခက်အခဲအလှည့်အပြောင်းတွေနဲ့ စိန်ခေါ်ချက်များတဲ့ ပုစ္ဆာဖြစ်လေတော့ တချိန်မဟုတ်တချိန် ကိုယ့်အစွမ်းအစကို သံသယဝင်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတဲ့အခါ အခုပြောမယ့်အချက်တွေကို ပြန်သတိရဖို့ ပြောချင်ပါတယ်။ (၁) အထင်အမြင်ဆိုတာ အချက်အလက်မဟုတ်ဘူး သင်ဘယ်လိုထင်ထင် အထင်အမြင်ဆိုတာ အချက်အလက်မှန်မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ထင်ချင်တိုင်း ထင်မြင်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် ငါညံ့နေပြီလို့ ထင်လာရင် ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကို အားမရတဲ့အကြောင်း ပြောလာရင် ဒါကို အမှန်တရားလို့ချည်း မှတ်ယူလို့မရပါဘူး။ ဒါဟာ သူ့အမြင်လည်း ဖြစ်နိုင်ပါတယ်။ Feedback တစ်ခု ယူမယ်ဆိုရင် သေချာဂဃနဏ စဉ်းစားဆင်ခြင်ပြီးမှ ယူပါ။ သူများပြောတိုင်း ကိုယ့်ကိုယ်ကိုယ် ညံ့သွားပြီလို့ ဘယ်တော့မှ မထင်ပါနဲ့။ ကိုယ့်ကို မလုပ်နိုင်ပါဘူးလို့ ပြောတဲ့အသံမျိုးဆို မကြားအောင် နေတာအကောင်းဆုံးပါပဲ။ (၂) ကြီးထွားဖို့ အချိန်လိုတယ် ဘယ်အရာမျိုးမဆို အချိန်လိုပါတယ်။ ပန်းတစ်ပွင့်ပွင့်လာဖို့ကနေ လူတစ်ယောက် ရင့်ကျက်ပြည့်ဝဖို့အထိ အချိန်ဆိုတာ လိုကိုလိုပါတယ်။ မအောင်မြင်သေးတာကို ရှုံးနိမ့်တာလို့ ပြောမရပါဘူး။ ဖွံ့ဖြိုးနေတာ ၊ ရုပ်လုံးမပေါ်သေးတာပဲ ဖြစ်ပါတယ်။ ကြိုးစားနေမယ် ၊ သင်ယူနေမယ် ဆိုရင် ရှုံးနိမ့်တယ်လို့ ပြောလို့ မရပါဘူး။ (၃) အကြောက်တရားက သင့်ကို မတားနိုင်ပါဘူး လူတိုင်းမှာ ကြောက်စိတ်ရှိတာပါပဲ။ အောင်မြင်တဲ့လူတွေကတော့ ရှုံးမှာကို မကြောက်ဘဲ အရှုံးကို နောက်တစ်ကြိမ် ကြိုးစားဖို့ အခွင့်အရေးတစ်ခုအဖြစ် မြင်ကြပါတယ်။ အကြောက်တရားက ရှေ့ဆက်သွားဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲထားကောင်း ဆွဲထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တက်ကြွတဲ့တောင်ပံတွေကို ဘယ်လှောင်အိမ်မှ ချုပ်နှောင်ထားလို့ မရသလိုမျိုး ကိုယ့်ကို ဟန့်တားနိုင်မှာ မဟုတ်ဘူးဆိုတာ အမြဲသတိရနေပါ။ (၄) သင်က ဘယ်သူနဲ့မှ မတူပါဘူး လူတွေဟာ ထူးခြားတဲ့စရိုက်နဲ့လာပြီးသားပါ။ သင့်မှာ အများနဲ့မတူတဲ့ အစွမ်းတွေ ရှိနေတာကို ပြန်ရှာဖို့ အချိန်ယူပါ။ ကိုယ်ကဘယ်အပိုင်းမှာ ထူးချွန်သလဲ၊ ဘယ်အရာတွေမှာ ကိုယ့်ပါရမီကို ပြသနိုင်သလိုလို့ အချိန်ယူပြီး ပြန်စဉ်းစာကြည့်ပါ။ စိတ်ဓါတ်ကျခဲ့ပေမယ့် အလင်းရောင်ရှိတဲ့အရပ်ကို မျက်နှာမူဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ (၅) အရာအားလုံး ပြန်စတင်နိုင်တယ် ဘယ်လောက်ပဲ ပြိုလဲခဲ့ ပြိုလဲခဲ့ အရာအားလုံး အသစ်က ပြန်စနိုင်တယ်ဆိုတာ မှတ်ထားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပြန်ဖွင့်ပေးပါ။ သံသယ ၊ ကြောက်စိတ်နဲ့ တုပ်နှောင်ထားတဲ့ အဖြစ်ကနေ လွတ်မြောက်အောင် ရုန်းထွက်လိုက်ပါ။ အရာအားလုံးကို အကောင်းဆုံး ပြန်စတင်မယ်လို့ သံဓိဌာန်ပြုပါ။ ကိုယ်သွားမယ်လမ်းကြောင်းကို သေချာပြန်ကြည့်ပါ။ လွှတ်သင့်တာတွေ လွှတ်ချခဲ့ပြီး ပြန်ပြီး အစီအစဉ်ချရမယ့်အရာတွေအတွက် အချိန်ပေးလိုက်ပါ။ ယုံကြည်မှုဆိုတာ တည်ဆောက်ရတဲ့အရာဖြစ်ပြီး သံသယဆိုတာ တွန်းလှန်ဖြိုခွဲရတဲ့အရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းတဲ့အခါတိုင်း ပြန်တည်ဆောက်ဖို့ ဘယ်တော့မှ မမေ့ဖို့ အကြံပေးချင်ပါတယ်။
8 months ago | [YT] | 10
Load more
PenSaGar
ရပ်နိုင်ပေ ရပ်နိုင်ပေ့ ... (၂)
(၄)
ဒီရက်ပိုင်း မကျော့မေ တော်တော်ချူချာသည်။ ဗိုက်ကလေး နှိပ်နှိပ်ပြီး ငုတ်တုပ်ထိုင်ထိုင်နေရသည်။ ဘာဖြစ်တာလဲ မေးတော့ လေထိုးနေတာလား မသိပါဘူးတော် ဗိုက်ထဲက တဆစ်ဆစ် နာနေတာ လို့ပဲ ဖြေသည်။ တစ်ခါတစ်ခါ အဖျားပါ ဝင်လာပြီး လူးလှိမ့်နေတာ မြင်တော့ ကိုသန်းစိုး စိတ်ပူလာသည်။
"ဒီအတိုင်း နေလို့ မဖြစ်ဘူး ကျော့မေ။ ဟိုဘက်ကမ်းကို သွားပြမှ ဖြစ်မယ်။ သူဌေးဆီက ခွင့်တစ်ရက်လောက် တောင်းပြီး သွားရအောင်"ဟု ဆိုကာ မကျော့မေကို ခေါ်ပြီး မြန်မာဆေးရုံ သွားပြသည်။ ဆေးရုံရောက်တော့ မကျော့မေ အူအတက်ရောင်နေတာကြောင့် ခွဲစိတ်ကုဖို့ ဖြစ်လာသည်။ ခွင့်တစ်ရက်ဆိုသော်လည်း ဆေးရုံမှာ တစ်ပတ်လောက် ကြာသွားသည်။ ဆေးရုံတစ်ပတ်မှာပဲ မကျော့မေတို့ စုထားသည့် ငွေလေးတွေ စုပ်စမြှုပ်စ ကုန်သွားသည်။
အကြွေးမတင်သော်လည်း လက်ထဲမှာ သုံးစွဲစရာတောင် မကျန်သလောက် ဖြစ်သွားပြီမို့ မကျော့မေမှာ အရုပ်ကြိုးပြတ်။ ဗိုက်ခွဲထားတာကြောင့်လည်း အနည်းဆုံး ၁ လ ၊ ၁ လခွဲတော့ နားလိုက်ရသည်။ မကျော့မေ အိပ်ရာထဲ လဲချိန် ကိုသန်းစိုးပဲ မီးဖိုချောင်ဝင်သည်။ အလုပ်ပေါ်လာသည့်အခါ ကောက်ခနဲ ထ,သွားနိုင်အောင် မနက်အစောကြီးတွေ ထချက်သည်။ အလုပ်ပေါ်လာသည့်အခါ အလုပ်သွားသည်။ လင်သားဖြစ်သူ ဒေါင်ချာစိုင်းနေသည်ကို ကြည့်ပြီး မကျော့မေ စိတ်မကောင်း။ သို့သော် မတတ်နိုင်။ လောကဓံချောတိုင် တက်နေခိုက်တော့ လျှောတိုက်ဆင်းတဲ့ဒဏ် ခံနိုင်ရမယ်လို့ပဲ အားတင်းသည်။
ကိုသန်းစိုးကလည်း မညည်းညူပါ။ မြေဆီထမ်းရက်တွေ စိပ်လို့ ခြေကုန်လက်ပန်းကျ နေချိန်မှာတောင် သူ့ဇနီးသည်ကို သက်သာလား။ ဘာစားချင်လဲ မေးတတ်မြဲ။ မကျော့မေကလည်း သူ့ယောက်ျားကို ပြန်အားပေးရသည်။
"ကျုပ်သက်သာပါပြီတော်။ ဗိုက်က ရှင်းရှင်းပျောက်တာနဲ့ အလုပ်ဝင်ဖို့လည်း သူဌေးမကို ပြောပြီးပါပြီ။ လောလောဆယ် အလုပ်နားတဲ့ရက် အခန်းခကတော့ ကိုယ့်ဟာကိုယ် ပေးရမှာပေါ့။"
"အလုပ်က အရေးမကြီးပါဘူးဟာ။ လူ အဓိကပါ။ နင်နေကောင်းပြီဆိုမှ အလုပ်ကိစ္စ ခေါင်းထဲ ထည့်ပေါ့။"
"ကျုပ်တော့ ဒီတစ်ခါ ကျန်းမာတာနဲ့ ပိုက်ဆံပြန်စုရမယ်။ နောက်နှစ်ထဲလောက် ရွာဘက်မှာ ဝိုင်းလေးဘာလေး ဝယ်နိုင်အောင်။ တောင်ပိုင်းက ကိုကျော်နိုင်တို့အရှေ့ဘက် ဝိုင်းလေး သိန်း ၈၀ လောက်နဲ့ ရောင်းချင်နေတာ။ အဲ့ဝိုင်းလေး မဆိုးဘူးတော်။ ရွာအစွန်ဆိုပေမယ့် ဘာအရေးလဲ။ ကားလမ်းမကြီးဘေး ရောက်တော့ ပိုတောင်ဟန်ကျသေး။ ဝက်ပဲမွေးမွေး ဈေးပဲ ရောင်းရောင်းပေါ့။ ကျုပ်တော့ အဲ့ဝိုင်းလေး မျက်စိကျနေတာ။"
ဝိုင်းဝယ်ဖို့ စိတ်အားထက်သန်နေတဲ့ ဇနီးကို ကြည့်ပြီး ကိုသန်းစိုး သက်ပြင်းတချက် ခိုးချလိုက်သည်။ ပါးစပ်ကတော့ -
"အေးပါဟာ ပိုက်ဆံစုတာလည်း စုပေါ့။ လောလောဆယ် လူနေကောင်းဖို့ပဲ ဂရုစိုက်တာပေါ့ဟာ"တဲ့။
(၅)
မကျော့မေ ဗိုက်ချုပ်ရိုးဖြည်ပြီး ရောဂါပျောက်တော့ အလုပ်ပြန်ဝင်သည်။ အခုတော့ ကလေးထိန်းက မကျော့မေနဲ့ဆို နှစ်ယောက် ဖြစ်သွားပြီမို့ အရင်လို မကျော့မေ ပျင်းစရာမရှိတော့။နေ့ဘက်တွေဆို သူတို့ ကလေးထိန်းနှစ်ယောက် ကလေးတစ်ယောက်စီ ချီလို့ပိုးလို့ တွန်းလှည်းကိုယ်စီ တွန်းလို့ ထိန်းကျောင်းကြသည်။
တရုတ်သီချင်းတွေရော ဗမာသီချင်းတွေပါ ဖုန်းနဲ့ ဖွင့်ပြီး ကလေးတွေ မြူကြချော့ကြသည်။ သူဌေးမကလည်း သူ့ကလေးတွေကို မြန်မာကလေးထိန်း သီချင်းတွေနဲ့ ချော့တာ သဘောကျသည်။ မကျော့မေတို့လည်း သူဌေးမအကြိုက် သားချော့သီချင်းကနေ နတ်ဒိုးအထိ ရောက်တက်ရာရာတွေ ဆိုပြချော့ပြရသည်။ ကလေးတွေကလည်း ဘယ်လိုရယ်မသိ။ တရုတ်သီချင်းတွေ ဖွင့်ပြရင် သိပ်မဟုတ်ချင်။ ဒီတော့လည်း မြန်မာသီချင်းဆိုပြရတာ အမော။ သူဌေးမကလေးတွေလည်း လေးဘက်ထောက် တွားသွားကနေ ခပ်စမ်းစမ်း လမ်းလျှောက်ဖို့ပါ လုပ်လာပြီ။
တစ်ရက်တော့ ကလေးတွေ ကောဇောပေါ် လေးဘက်ထောက် တွားသွားရင်း ခပ်ကုန်းကုန်းလေး ထဖို့ ကြိုးစားလာသည်။ သူဌေးမကလည်း သူ့သားတွေ မတ်တပ်ရပ်တော့မှာမို့ ဝမ်းတွေသာပြီး တရုတ်လိုတွေ ပြောသည်။ မကျော့မေတို့လည်း ကလေးတွေ မတ်တပ်ရပ်ဖို့ လုပ်နေတာကို ကြည့်ပြီး လက်ခုပ်တီးလို့ "ရပ်နိုင်ပေ ရပ်နိုင်ပေ့" ဆိုပြီး အားပေးကြသည်။ ကလေးလေးတွေလည်း ရပ်ဖို့ ကြိုးစားလိုက် , လဲကျသွားလိုက် အခါခါပင်။ မကျော့မေတို့ က လက်ခုပ်တီးအားပေးမပြတ်။ မကျော့မေတို့ အားပေးသံကြားတော့ ကလေးတွေ အားတက်သွားပုံရသည်။ ယိမ်းထိုးယိမ်းထိုးလျက်ပင် ရအောင် မတ်ရပ်တော့သည်။ ကလေးတွေ မတ်တပ်ရပ်နိုင်တော့ အားလုံး ဟေးခနဲ။ သူဌေးမတင် မဟုတ် ၊ မကျော့မေတို့ပါ ကလေးတွေရဲ့ ပထမဆုံး ကိုယ့်ခြေပေါ် ကိုယ်ရပ်တာကြည့်ပြီး ဝမ်းသာနေမိသည်။
ထိုနေ့က တစ်နေ့လုံးလိုလို "ရပ်နိုင်ပေ" လုပ်ခဲ့ရသည်။ သူဌေးမကလည်း သူ့ကလေးတွေ မတ်တပ်ရပ်နိုင်လို့ ဝမ်းသာပြီး မကျော့မေတို့ကို မုန့်ဖိုး ၅၀ စီပါ ပေးလိုက်သေးသည်။ ညနေစောင်းတော့ ကလေးတွေနဲ့ ရပ်နိုင်ပေ လုပ်နေတုန်း မကျော့မေဆီ ဖုန်းဝင်လာသည်။ ဖုန်းက အလုပ်ခေါင်း ကိုကျော်စိုးဦးဖုန်း။
"ဟုတ် ကိုကျော်စိုးဦး ဘာကိစ္စရှိလို့လဲ"
"မကျော့မေရေ စိတ်တော့မကောင်းဘူးဗျာ။ ခင်ဗျားယောက်ျား မြေဆီအိတ်ပိသွားလို့။ ပေါင်ကျိုးသွားတယ် ထင်တယ်။"
"ရှင်"
"အေးဗျာ ညာဘက်ခြေတစ်ချောင်းက အထိမခံတော့ဘူး။ အခု တောင်ပေါ်က သူဌေးကားနဲ့ ကျုပ်တို့ ဆင်းလာပြီ။ နောက် နာရီဝက်လောက်ဆို ရောက်မှာ။ အဲ့ဒါ ဂိမ်းခုံနားက စစ်ဆေးရုံကို ခင်ဗျား လာဖို့ ပြောတာ"
မကျော့မေ ကြက်သေသေသွားသည်။ ဘယ်အချိန် ဖုန်းချမိလဲ မသိတော့။ တောင့်တောင့်ကြီး ရပ်လျက်သား အမြင်တွေ ဝေဝါးလာသည်။ မျက်လုံးအိမ်ထဲ မျက်ရည်ပူပူတွေ အလိုအလျောက် ပြည့်လာချိန် ရုတ်တရပ် မကျော့မေ ထမိန်ကို တစ်ယောက်ယောက် လာဆွဲလိုက်မှ သတိပြန်ကပ်မိသည်။ သူဌေးမ၏ ကလေးသည် လှုပ်လီလှုပ်လဲ့ မတ်တပ်ရပ်ရင်း မကျော့မေကို လာဆွဲခြင်း ဖြစ်သည်။
မျက်တောင်ကို မြန်မြန်ခတ်လိုက်သည်။ ဖုန်းကိုင်လျက်သား လက်နှင့်ပင် မျက်ရည်တွေ သုတ်သည်။ မျက်ရည်နှင့်အတူ စီးချင်ချင် ဖြစ်လာသည့် နှာခေါင်းထဲက နှပ်ကို ရွှတ်ခနဲ တစ်ချက် ရှုံ့လိုက်သည်။ အခြေအနေကို မရိပ်မိသည့် ခပ်လှမ်းလှမ်း ကုတင်ပေါ်မှ သူဌေးမက "ရပ်နိုင်ပေလေ" လို့ မပီကလာ ပီကလာနှင့် လှမ်းပြောနေသည်။
မကျော့မေ ရပ်နေရာမှ ထိုင်ချလိုက်ရင်း ကလေးလက်ကို ကိုင်လျက် အသံတုန်တုန်နှင့် ဆိုလိုက်သည်။
"ရပ်နိုင်ပေ ရပ်နိုင်ပေ့ လူလေး ရပ်နိုင်ပေ့"။
7 months ago | [YT] | 6
View 0 replies
PenSaGar
ရပ်နိုင်ပေ ရပ်နိုင်ပေ့ ... (၁)
(၁)
ကုတင်အောက်က သေတ္တာလေးဆွဲဖွင့်လို့ အထဲက သံဖြူစုဗူးလေး လှုပ်ကြည့်ရင်း မကျော့မေမျက်နှာ ပြုံးယောင်သန်းလာသည်။ တစ်ဆက်တည်း သူ့လက်တွေက ဂဏန်းပေါင်းစက်တစ်ခုလို တွက်ချက်သွားသည်။ ၆ ထောင် ၇ ထောင်တော့ အောက်ထစ်ပဲ။ နောက် ၇ ထောင်/ ၈ထောင် လောက်ဆို သူ့အိပ်မက်တွေ ပြည့်ပြီ။
အတွေးနဲ့ အပြုံးက တစ်ထပ်တည်း ဖြစ်သွားသည်။
(၂)
ဒီမြို့လေးကို မကျော့မေတို့ လင်မယား ရောက်လာတာ နှစ်နှစ်ပြည့်တော့မည်။ ကိုသန်းစိုးနဲ့ အိမ်ထောင်မကျခင် အပျိုလူပျိုဘဝ ဆုံကြတာလည်း ဒီမြို့နဲ့ သိပ်မလှမ်းမကမ်းက မြို့လေးမှာ။
အဲ့ဒီတုန်းက မကျော့မေက ဖရုံခြံမှာ အလုပ်လုပ်သည်။ ကိုသန်းစိုးက ငရုတ်ခြံမှာ နေ့စားအလုပ်သမား။ တစ်ရွာတည်းသားတွေ။ ဝင်ငွေမဆိုးသော်လည်း ယွမ်ဈေးက အခုလောက် မကောင်းသေး။ ယွမ် ၁၀၀၀ မှ ငွေ ၂ သိန်းစွန်းစွန်းပဲ ရသေးတာမို့ တစ်လ ၁၈၀၀/၂၀၀၀ စီတာက မြန်မာငွေနဲ့မှ ၄-၅ သိန်းပဲ ရှိဦးမည်။ ကိုသန်းစိုးနဲ့ အိုးအိမ်ထောင်ကျတော့ ဇာတိရွာကို ပြန်ကြသည်။ ဖရုံခြံ ၊ ငရုတ်ခြံမှာ အလုပ်လုပ်ရင်း စုလာတဲ့ ငွေတွေနဲ့ ရွာမှာ ဝက်မွေးမည်။ ကုန်စုံဆိုင်လေး ထောင်မည်။ ပိုက်ဆံစုပြီး ကိုယ်ဝန်းကိုယ့်ခြံနှင့် နေနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေ တသီကြီးပေါ့။
အိပ်မက်တွေ မက်လို့ကောင်းတုန်း ကိုဗစ်ကြီး ဖြစ်ပါလေရော။ ကိုဗစ်အတွင်းမှာ ဝက်ခြံလည်း အစာဖိုး ၊ ဆေးဖိုး ဆက်မတိုးနိုင်တော့ ရပ်သွားသည်။ ကပ်အတွင်းမှာပဲ သားတော်မောင် မျိုးငွေစိုးကို မွေးသည်။ သားတစ်ဖက်နဲ့ အလုပ်လက်မဲ့ဖြစ်တော့ မကျော့မေ မနေတတ်မထိုင်တတ်တွေ ဖြစ်လာသည်။ နဂိုကတည်းက အလုပ်နဲ့လက် မပြတ်ခဲ့သူဆိုတော့ အလုပ်မရှိ ယောင်ချာချာဘဝမှာ အနေခက်တာ မဆန်း။ အမေတို့နဲ့ စားအိုးပေါင်းနေတယ် ဆိုသော်လည်း ကိုယ်တစ်ယောက်တည်း သားသမီးမဟုတ်။ မကျော့မေညီမတို့ လင်မယားလည်း အမေတို့အိမ်မှာပဲ သောင်တင်နေသည်လေ။ သားလေး နို့ပြတ်ရင်တော့ နယ်စပ်ကို ပြန်တက်မယ်လို့ မကျော့မေတို့ စီမံချက်ချသည်။
ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့ မကျော့မေနဲ့ ကိုသန်းစိုး အမေတို့ကို ကန့်တော့လို့ တရုတ်နယ်စပ်ကို တက်လာကြသည်။ ရွာကထွက်တော့ ပြာသိုလကြီး။ နှင်းမကွဲသေးတဲ့ မနက်ခင်းမှာ အိပ်ပျော်နေတဲ့ နို့ခွဲစသားငယ်ကို ယောက်မအပျိုကြီးလက် အပ်လို့ ရွာထိပ်ကားဂိတ်ကို ထွက်လာခဲ့သည်။ မြူတွေထဲမှာ သားလေးမျက်နှာကို မြင်ယောင်ရင်း မကျော့မေ ရင်ထဲ ဆို့တက်လာသည်။ ရွာထိပ် မူလတန်းကျောင်းလေးနားရောက်တော့ မကျော့မေ တောင့်မခံနိုင်တော့။ ခေါင်းပေါ်က အဝတ်အစားတွေ ထည့်ထားတဲ့ ကာတွန်းအိတ်ကြီးချလို့ ကျူကျူပါအောင် ငိုပါတော့သည်။
"ကျော့မေရယ်။ အခုက ခဏလေး ခွဲတာပါဟာ။ ဟိုမှာ အခြေအနေကောင်းရင် ကလေးရော မိချိုပါ လှမ်းခေါ်မှာပေါ့။ ငါလည်း ဖအေပါ။ ကိုယ့်သားသမီး ဘယ်ခွဲချင်ပါ့မလဲ။ နင်အခုလို ငိုတော့ ငါလည်း ဘယ်စိတ်ကောင်းမလဲဟာ"
ကိုသန်းစိုး သူ့မယားကို ပုခုံးကိုင်ကိုင်ပြီး စိတ်ပြေအောင် ချော့ရတော့သည်။
"ကျုပ် သားလေးကို သနားလို့ပါတော်။ ကျုပ်တို့ အလုပ်လုပ်သွားမှာတောင် ကလေးက မသိဘူးတော့"
"ဒါတော့ ဒါပေါ့ဟာ။ ဟိုမှာက အဆင်ပြေရင် ၃-၄ လနဲ့ ကိုယ့်သားသမီးကို ခေါ်လို့ရပါတယ်ဟ။ နင်ရောငါပါ အရင်ကလည်း နယ်ထွက်အလုပ်လုပ်ဖူးတာပဲ။ အိုးပစ်အိမ်ပစ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ အခုတော့ ပိုက်ဆံသာ ရအောင်ရှာပြီး ကိုယ့်မိသားစုနဲ့ အိုးမကွာအိမ်မကွာနေနိုင်အောင် ကြိုးစားကြတာပေါ့ဟာ။"
ကိုသန်းစိုးပြောတာ မကျော့မေ သိပါသည်။ နားလည်း လည်ပါသည်။ မိသားစုအတူ နေနိုင်ဖို့ အခုနေတော့ တစ်နေရာစီ ခွဲရဦးမည်လေ။ မကျော့မေ ကြိုးစားရဦးမည်။ တင်းနေတဲ့ သံယောဇဉ်ကြိုးကို ချန်လို့ မနက်ဖြန်မှာ သာယာဖို့ ကြိုးစားရဦးမည်လေ။
(၃)
နာမည်ကျော် နယ်စပ်မြို့လေး ရောက်တော့ အလုပ်တွေက စောင့်ကြိုနေသဖြင့် မကျော့မေ ဝမ်းသာသွားသည်။ ရောက်ပြီး နှစ်ရက် သုံးရက်နေတော့ ပွဲစားခ ယွမ် ၁၅၀ ပေးပြီး ဆေးလိပ်စက်ရုံထဲ ရောက်သွားသည်။ ကိုယ့်ရွာသူ ကိုယ့်ရွာသားတွေဆိုတာလည်း စက်ရုံထဲ မနည်းမနော။
အလုပ်ကလည်း သက်သက်သာသာပင်။ လစာ စားရိတ်ငြိမ်း ၁၅၀၀ ဆိုသော်လည်း ယွမ်ဈေးကောင်းပြီမို့ မြန်မာငွေ ၁၀ သိန်းပတ်လည် ရသည်။ အဘက်ဘက်က အဆင်ပြေသော်လည်း ဆေးလိပ်စက်ရုံအလုပ်က ကြာကြာတော့ မလုပ်လိုက်ရ။ နှစ်လစွန်းစွန်းလောက် လုပ်ပြီးတော့ လူလျှော့တဲ့အထဲ နောက်မှရောက်တဲ့ မကျော့မေတို့ အသုတ် ပြုတ်သွားသည်။
ကိုသန်းစိုးကတော့ ဘောက်အလုပ်ထဲ ဝင်သည်။ ငှက်ပျောထမ်းသည်။ ဖရုံခြံအဆက်အသွယ်နဲ့ နေ့စားတွေ လိုက်သည်။ စပါးပေါ်ချိန် စပါးထမ်းလိုက်သည်။ တစ်ရက် ယွမ် ၈၀ မျိုး ၁၀၀ မျိုး စီသည်ဖြစ်ရာ မကျော့မေ အလုပ်မရှိသော်လည်း မပူရ။ နေတာကတော့ လင်မယားနှစ်ယောက် ရှမ်းသူဌေးတစ်ယောက်ရဲ့ ခြံနောက်က အလုပ်သမားတန်းလျားမှာ တစ်လ ယွမ် ၅၀၀ နဲ့ အခန်းငှားနေရသည်။ နောက်တော့ ရွာက တရုတ်စကားတတ်သည့် အလုပ်ခေါင်းအဆက်နဲ့ ကိုသန်းစိုး မြေဆီအထမ်းဘက် ရောက်သွားသည်။
မြေဆီဆိုတာက မြေရှားသတ္ထုတူးတဲ့နေရာမှာ လောင်းထည့်သည့် အက်ဆစ်အိတ်ကြီးတွေ။ တစ်အိတ်တစ်အိတ် ကီလိုဂရမ် ၄-၅၀ ရှိမည်။ ဒီအိတ်ကြီးတွေကို ပေါင်းကူးလို့ ခေါ်တဲ့ ကားတစ်စီးကနေ တစ်စီး အိတ်တွေ ထမ်းသယ်ရတာ ၊ သတ္ထုဆိုက် ဂိုထောင်တွေထဲ သယ်ပေးရတာမျိုး။ ပင်ပန်းသော်လည်း ဝင်ငွေကောင်းသည်။ အလုပ်ပုံမှန် ရှိသည်။ တစ်လတစ်လ ယွမ် ၂၀၀၀ နဲ့ ၃၀၀၀ အကြား အနည်းဆုံး စီသည်။ တချို့လတွေဆို ၃၀၀၀ တောင် ကျော်သည်။
မကျော့မေလည်း သိပ်မကြာခင် တရုတ်ဆိုက်တွေမှာ ထမင်းချက်အလုပ်ရသွားသည်။ စားစရိတ်ငြိမ်း ၂၅၀၀ က စရသည်။ မကျော့မေက အလုပ်နဲ့ သိပ်တော့ အကျိုးမပေးဟု ထင်သည်။ ထမင်းချက်အလုပ် ၃-၄ လလောက် လုပ်ပြီး အလုပ်က ပြုတ်ပြန်သည်။ အလုပ်မရှိတော့ မကျော့မေ ဝမ်းနည်းပက်လက် ဖြစ်ရပြန်သည်။ ကိုသန်းစိုးကတော့ သူ့မိန်းမကို အားပေးရှာပါသည်။
"စိတ်မညစ်ပါနဲ့ဟာ။ အလုပ်က ပေါပါတယ်။ ဒီတစ်လုပ်မရ နောက်တစ်လုပ်ပေါ့ဟ။ အလုပ်မရသေးလည်း ဘာအရေးလဲ။ ငါ လုပ်ကျွေးမှာပေါ့"
ကိုသန်းစိုးက မြေဆီအထမ်းဒဏ်နဲ့ မည်းသည်းခုံးထနေသည့် သူပခုံးကြီး လက်ညှိုးထိုးပြတော့ မကျော့မေမှာ ဝမ်းနည်းဝမ်းသာ။
"မဟုတ်ပါဘူးတော်။ ကျုပ်က တော်ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ မမြင်ရက်ပါဘူး။ နောက်ပြီး လင်ရောမယားပါ အလုပ်လေး ရှိနေတော့ ပိုက်ဆံလည်း စုမိမယ်။ အခုလို တစ်ယောက်တည်း လုပ်အားနဲ့က ပိုက်ဆံစုကြားကို ရမှာမဟုတ်ဘူး။"
"ဘုရားတည် ကျောင်းဆောက်မှာမို့များ ဒီလောက် လောဘတက်နေတာလား မိန်းမရ"
သူ့မယားစိတ်ပြေအောင် ကိုသန်းစိုးက အရွှန်းဖောက်သည်။ မကျော့မေကတော့ မရယ်မပြုံး။
"အမယ်လေး။ ဘုရားဒကာလည်း မလုပ်နိုင်သေးပါဘူးတော်။ ကိုယ်တောင် နေစရာအတည်တကျ မရှိသေးတဲ့ဟာ။ တော်ပဲ စဉ်းစားကြည်။ ကျုပ်တို့ အိမ်ထောင်သက် ၄ နှစ်ကျော်လို့ ၅ နှစ်ထဲပဲ ရောက်နေပြီ။ အခုထိ ပြန်စရာ ကိုယ်ပိုင် အိမ်ရယ်ဝိုင်းရယ် ရှိလို့လား။ ကျုပ် ပိုက်ဆံစုချင်တယ်ဆိုတာ ရွာမှာ ကိုယ့်ဝန်းကိုယ့်ခြံလေး ကပ်နိုင်အောင်ပါ။ ဒီမှာက ဘယ်နေ့ဘယ်ရက် အိမ်ပြန်လွှတ်မလဲမသိ လုပ်စားရတာမလား။ ကိုယ့်ရပ်ကိုယ့်ရွာကို ထုပ်ထုပ်ပိုက်ပိုက်လေးနဲ့ ပြန်ပြီး ခြံလေးဝန်းလေးနဲ့ နေနိုင်ရင် တော်ပါပြီတော်။ လောဘတက်တာ မဟုတ်ရပါဘူး"
မကျော့မေ ပြောတော့ ကိုသန်းစိုး ငိုင်သွားသည်။ မှန်သည်။ သူသည်လည်း မကျော့မေနှင့် ဆန္ဒထပ်တူ။ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ ဘယ်တော့များမှ နေနိုင်မှာပါလိမ့်။
သူငိုင်တာ မကျော့မေ မသိအောင် သောက်လက်စ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်ပြီး မှုတ်ထုတ်လိုက်သည်။ မီးခိုးတွေအကြား ပြတင်းကနေ အပြင်ကို လှမ်းကြည့်မိတော့ သတ္ထုမြိုထားသည့် ရှမ်းတောင်တန်းကြီးများ။ မြေကျွင်းကြီးတွေနဲ့ အရေပြား အလှန်ခံရသလို တောင်တန်းများနှင့် ယန္တရားများ။ အဆင်ပြေသွားမှာဟာ လို့ပဲ မကျော့မေကို ပြောသလိုလိုနဲ့ သူ့ဟာသူ တိတ်တိတ်လေး ပြန်နှစ်သိမ့်နေလိုက်သည်။
မကျော့မေအတွက် ကံသည် ကြာကြာမဆိုးနိုင်။ ထမင်းချက်အလုပ်ပြုတ်ပြီး ၁ လအတွင်းမှာပင် အလုပ်တစ်ခုထပ်ရသည်။ ဒီအလုပ်က တော်တော်ဟန်သည်။ သူတို့နေသည့် ရှမ်းသူဌေးရဲ့ အမွှာမြေးလေးတွေ ထိန်းပေးရမည့် ကလေးထိန်းအလုပ်။ သူဌေးက တော်တော်ချမ်းသာသည်။ သူ့သမီးကလည်း ချမ်းသာသည်ပဲ။ ချမ်းသာလို့ ကလေးတောင် ဘန်ကောက်တက်ပြီး ဖန်ပြွန်သန္ဓေသားနည်းနဲ့ အမွှာရအောင် မွေးခဲ့တာပဲလေ။ ဒီကလေးနှစ်ယောက် ထိန်းဖို့ မကျော့မေကို တစ်လ ၂၀၀၀ နဲ့ ငှားသည်။ မကျော့မေတို့နေသည့် အဆောင်ခလည်း ပေးစရာမလိုတော့။ စရိတ်ငြိမ်း ယွမ် ၂၀၀၀ နဲ့ ရတော့ မကျော့မေ ပျော်လိုက်သည် ဖြစ်ခြင်း။
သူ့မယားသည်ပျော်နေတာ မြင်တော့ ကိုသန်းစိုးလည်း ဝမ်းသာနေသည်။ ပိုကျေနပ်စရာတွေက ရှိသေးသည်။ ညနေဘက် မြေဆီထမ်းကအပြန် အလုပ်ခေါင်းထည့်ပေးလိုက်သည့် ဘီယာတစ်ကဒ်နှင့် မာလာဟင်းလေးကလည်း သူ့အပျော်ကို အားကောင်းအောင် လှုံ့ဆော်နေသည်မဟုတ်ပါလား။ ရီဝေဝေ ညခင်းတွေမှာ သူတို့လင်မယားရဲ့ သာယာတော့မယ့် ရှေ့ရေးကို မျှော်ငေးရသည်မှာ ကြည်နူးဖို့ပင် ကောင်းသေးတော့သည်။
ကြည့်စမ်း ... တောင်တွေပေါ်မှာ လျှပ်စစ်မီးတဝင်းဝင်း ။ လှုပ်ရှားမှုတွေ လုပ်အားစုတွေ ရှိနေသရွေ့ မျှော်လင့်ချက်တွေ ရှိနေမည်။ ရှာဖွေလုပ်စားဖို့ မြက်နုရာစားကျက်တစ်ခုခု ရှိနေမည်။ ဘာအားငယ်စရာရှိလို့လဲ။
တရုတ်ဘီယာလေး မ,လိုက်ရင်း ရေစီးတစ်ခါ ရေသာတစ်လှည့်ပဲလို့လည်း ကိုသန်းစိုး ပီတိအပြည့်နှင့် ပြုံးမိသွားသည်။
7 months ago | [YT] | 7
View 0 replies
PenSaGar
တိတ်ဆိတ်ခြင်း စိတ်ပညာ
ရင့်ကျက်လာတယ်ဆိုတာ ခံစားချက်မရှိတော့တာ မဟုတ်ဘူး။ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ဘယ်အချိန်မှာ ဘယ်လိုဉာဏ်ရှိရှိ တုံ့ပြန်ရမလဲ သိသွားတာ။ ကျွန်တော်တို့ရဲ့ ရင့်ကျက်မှုအတိုင်းအတာကို ဘယ်လို သိနိုင်မလဲ။
အကြောင်းမဲ့ အပြစ်တင်ခံခဲ့ရတဲ့အခါ ၊ မထီမဲ့မြင် အပြုခံရတဲ့အခါ ၊ ကိုယ့်ကြိုးစားမှုကို တမင် အသိအမှတ်မပြုတဲ့အခါ ၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို စိန်ခေါ်ခံရတဲ့အခါ.. ကျွန်တော်တို့ ရင့်ကျက်မှုအတိမ်အနက်ကို လာထောက်ချင်တဲ့ အတွေ့အကြုံတွေက အများကြီးပါပဲ။ ဒီလိုအချိန်မှာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားဘယ်လောက်ရှိလဲ သူ့တုံ့ပြန်မှုကို ကြည့်ပြီး သိနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့သူဟာ သူ့ကို တွန်းတိုက်လာတဲ့ ဖြစ်ရပ်တွေကို ဉာဏ်ရှိရှိ ရင်ဆိုင်ပါတယ်။ တစ်ခါတစ်လေမှာ စကားလုံးတွေ လုပ်ရပ်တွေနဲ့လည်း ဖြေရှင်းကောင်း ဖြေရှင်းပါလိမ့်မယ်။ တစ်ခါတစ်ခါမှာ စကားလုံးတွေနဲ့ reaction မလုပ်ဘဲ ဉာဏ်ရှိရှိ တိတ်ဆိတ်မှုနဲ့ response လုပ်ပါတယ်။ တိတ်ဆိတ်ပေးတယ်ဆိုတာ တုံးအ,သွားတာ မဟုတ်ပါဘူး။ ကိုယ့်စွမ်းအင်ကို အလေအလွင့်မဖြစ်အောင် ထိန်းလိုက်တာပါ။ စိတ်လှုပ်ရှားမှုနဲ့ ပက်ခနဲ တုံ့ပြန်တာက ကိုယ့်ရဲ့ ခွန်အား ၊ ကိုယ့်ရဲ့ အလားအလာတွေကို တခြားသူဆီ ပုံအပ်လိုက်တာပဲဆိုတာ သိလို့ အကောင်းဆုံးတုံ့ပြန်ဖို့ အချိန်စောင့်လိုက်တာပါ။
တိတ်ဆိတ်မှုနဲ့ အချိန်တစ်ခု စောင့်ပေးတာက ဖြစ်သမျှကိစ္စတွေ နဲ့ ကိုယ့်စိတ်ခံစားချက်ကို ပြန်ဆန်းစစ်စူးစမ်းဖို့ အချိန်ပေးလိုက်တာ ၊ တွယ်ငြိဝေဝါးမှုတွေ ဖြေလျှော့လိုက်တာပါ ၊ မလိုဘဲ အပိုတွေ လိုက်ရှင်းပြနေတာတွေ ရပ်လိုက်တာ ၊ ကိုယ်ဘယ်လောက် ရင့်ကျက်တဲ့လူလဲ ပြလိုက်တာပါ။ နောက်ဆုံးမှာ တည်ငြိမ်အေးဆေးမှုက အားနည်းချက်မဟုတ်ဘဲ အကောင်းဆုံးလက်နက်ဆိုတာ ထုတ်ပြလိုက်တာပါ။ တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခြင်းဆိုတဲ့ အရည်အချင်းကောင်းတစ်ခုကို ပိုင်ထားရင် ဘဝရဲ့ ပြဿနာတွေနဲ့ စိတ်ခံစားလွယ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
မနှစ်က ထွက်ထားတဲ့ စာရေးဆရာမ Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? ထဲမှာ Emotional Response တွေကို နည်းစနစ်တကျ ထိန်းချုပ်ပြီး ရင့်ကျက်တဲ့သူဖြစ်အောင် လုပ်နိုင်တဲ့ နည်းလေးတွေ ပေးထားတာ တော်တော်ကို အကျိုးများလို့ ပြန်မျှဝေပေးချင်ပါတယ်။ ဒီစာအုပ်တစ်ခုလုံးရဲ့ အနှစ်ချုပ်က ငြိမ်းအေးတဲ့ စိတ်ပိုင်ရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ တိတ်ဆိတ်မှုစိတ်ပညာကို ဖော်ပြထားတာပါ။ တစ်ခုခုဆို အလျင်စလို တုံ့ပြန်ချင်တဲ့ ၊ တုံ့ပြန်တတ်သူတွေ ကိုယ့်စိတ်ကို ဆုံးမဖို့ နည်းလမ်းကောင်းလေးတွေကို ဒီစာအုပ်ထဲကနေ အကျဉ်းချုပ် ပြန်ဆွဲထုတ်ပေးချင်ပါတယ်။
(၁) တုံ့ပြန်မှု ထောင်ချက်ကို နားလည်အောင်လုပ်
Reaction ဆိုတဲ့ ခံစားချက်အတိုင်း ဆတ်ခနဲ ပြောတတ် ၊ လုပ်တတ်ရင် သင်ဟာ ထောင်ချောက်ထဲကို တိုးဝင်နေပြီလို့ သိလိုက်ပါ။ စိတ်ထဲက ရှိသလို ထုတ်ပြောတတ်တဲ့အကျင့်က သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ Stimuli ဆိုတဲ့ ပြုပြင်မွမ်းမံမထားဘဲ ချက်ချင်းအလိုအလျောက် ထွက်လာတဲ့ စိတ်ခံစားချက်က သင့်စွမ်းအားကို တခြားသူကို ပေးဖို့ ခလုတ်နှိပ်လိုက်တာနဲ့ အတူတူပဲ။
အရင်စ React လုပ်တဲ့သူ အရင်ရှုံးတယ်လို့ သိပါတယ်။ တုံ့ပြန်မှုတိုင်းက စိတ်ပိုင်းဆိုင်ရာ အကြွေးနဲ့တူတယ်။ အကြွေးသဘောဖြစ်လို့ အခုသုံးလိုက်ပြီး နောက်မှ နောင်တရတတ်ပါတယ်။ နောင်တမရချင်ရင် ကိုယ့်တုံ့ပြန်မှုကို ထိန်းပါ။ အရင်နားလည်အောင် အချိန်ပေးပါ။
(၂) Pause လုပ်တတ်ပါစေ
ချက်ချင်း မတုံ့ပြန်ဘဲ ခဏလောက် နှုတ်ဆိတ်နေတာဟာ တွေဝေတာမဟုတ်ပါဘူး။ ဉာဏ်ရှိရှိ အစီအစဉ်ဆွဲလိုက်တာပါ။ မကျေနပ်စရာအတွေ့အကြုံတစ်ခု ကြုံလာရင် ချက်ချင်း ပေါက်ကွဲပစ်မလား ၊ ခဏလောက် Pause လုပ်ပြီး ဘေးထွက်စဉ်းစားကြည့်မလား ရွေးချယ်လိုက်တာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ အချိန်ယူစီစဉ်လိုက်တာပါ။
The Pause လေ့ကျင့်ခန်းကို ကျွမ်းကျင်ဖို့ ဒီစာအုပ်ထဲမှာ စာရေးသူက စက္ကန့် ၉၀ အနားပေးမှုကို အကြံပေးထားတာ ရှိပါတယ်။ စိတ်ခံစားချက်တစ်ခုရဲ့ ပျမ်းမျှကြာချိန်ဟာ စက္ကန့် ၉၀ လောက် ကြာနိုင်ပါတယ်တဲ့။ သဘောက ဒီ စက္ကန့် ၉၀ မှာ ဉာဏ်ရှိရှိ ငြိမ်သက်တတ်ရင် တစ်ဘဝလုံး ငါးပါးမှောက်မယ့် ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မယ် ဆိုတာပါ။
သင့်ပါးစပ်က စကားတစ်ခွန်း မထွက်ခင် ၊ သင့်ဖုန်းကနေ မက်ဆေ့တစ်ကြောင်း မပို့ခင် သင့်ကိုယ်သင် Strategist တစ်ယောက်လို စီစဉ်ဖို့ အချိန်အဟတစ်ခု ပေးလိုက်တာပါ။ emotion မပါတဲ့ ဒုတိယအတွေး Second Thought ကို အသုံးချဖို့ ပြင်တာပါ။ သိပ္ပံပညာရှင်တစ်ယောက်လို စောင့်ကြည့်စူးစမ်းလိုက်တာပါ။ ခံစားချက်နဲ့ လုပ်ရပ်(တုံ့ပြန်မှု) အကြား အကွာအဝေးတစ်ခုထားလိုက်တာပါ။ သတိ (Mindfulness) လို့ခေါ်တဲ့ အင်မတန် အားကောင်းတဲ့အကာအရံတစ်ခု ကာဆီးလိုက်တာပါ။
(၃) ထိန်းချုပ်မှု လေ့ကျင့်ခန်း လုပ်ပါ
ပြဿနာကြီးကြီး တက်မှ တိတ်ဆိတ်မယ် ၊ တုံ့ပြန်မှုကို အသုံးချမယ်လို့ မတွေးလိုက်ပါနဲ့။ သင့် စိတ်ငြိမ်းချမ်းမှုကို ဆွဆွပေးမယ့် Trigger လေးတွေ နိစ္စဒူဝပြဿနာလေးတွေကို လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်လိုက်ပါ။ သင့်ကို စိတ်ဆွပေးနေတဲ့ လူတွေ ၊ အရာတွေ ၊ ဖြစ်ရပ်တွေက သင့်ရန်သူ မဟုတ်ပါဘူး။ သင့်ကို စိတ်ပိုင်းဆိုင်ရာ သန်မာ ရင့်ကျက်အောင် ကူညီပေးနေတဲ့ လေ့ကျင့်ဖော် ဒါမှမဟုတ် သင်ရိုးတွေလို့ မှတ်ယူပါ။
နေ့စဉ်ထိန်းချုပ်မှုလုပ်ရာမှာ အရေးကြီးတာက သင့်အမြင်ကို ပြောင်းဖို့ပါ။ သင်မြင်တဲ့အမြင်ကို ပြောင်းဖို့ သင့်ကိုယ်သင် မေးတဲ့ မေးခွန်းတွေကို ပုံစံပြောင်းကြည့်ပါ။ ဥပမာ - ငါ့ကျမှ ဘာလို့ ဒီလို ဖြစ်ရတာလဲလို့ မတွေးဘဲ "ဒီ Case က ငါကို ဘာလုပ်စေချင်တာလဲ ၊ ဘယ်လို တုံ့ပြန်စေချင်လဲ" ဆိုတာမျိုး အပြုသဘောအဖြေရှာတဲ့ဘက် ဦးလှည့်တဲ့ မေးခွန်းတွေ မေးလိုက်ပါ။ သင့်မေးခွန်းတွေကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ရင် သင့်အတွေးကို သင်ပြောင်းလဲလာနိုင်ပါမယ်။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း လေ့ကျင့်ဖို့ လေ့ကျင့်ခန်းတစ်ခု ပေးချင်ပါတယ်။ ကိုယ့်ကို ထိခိုက်အောင် လုပ်လာတဲ့ အဖြစ်တွေ ကြုံတိုင်း စိတ်ရောရုပ်ပါ အကြောလျှော့ဖို့ လိုပါတယ်။ အသက်ရှုတဲ့အပေါ် အာရုံစိုက်ပါ။ အံကြိတ်ထားရင် ဖြေချပါ။ လက်သီးဆုပ်ထားတာ ၊ ပခုံးနဲ့ မေးကြောတွေ တင်းနေတာ လျှော့ချပါ။ စိတ်ခံစားချက်ကို အရှိန်လျှော့ချနိုင်တဲ့ အလေ့ကျင့်လေးတွေ (လမ်းလျှောက်တာ ၊ စာရေးတာ ၊ ကိုယ့်ခံစားချက်တွေ ငြိမ်သွားအောင် အချိန်ပေးလိုက်တာ) လုပ်ပါ။ အရေးကြီးတာ ဘာကိုမှ ချက်ချင်း မတုံ့ပြန်ဘဲ အချိန်တစ်ခု ပေးလိုက်ဖို့ပါ။
တိတ်ဆိတ်ခြင်းဟာ သင့်ရွေးချယ်မှု ဖြစ်ပါစေ။ သင့်ခွန်အားကို သင်ပြန် ကြိုးဆွဲနေတာပဲ ဖြစ်ပါစေ။ ဗျူဟာမြောက် တိတ်ဆိတ်မှုက အသံကျယ်ကျယ် ထင်ရာပြောတဲ့ အသိုင်းအဝိုင်းကြားမှာ အရေးအကြီးဆုံး အရည်အသွေးတစ်ခု ဖြစ်လာပါစေ။
ကိုယ့်အထင်ကို ချက်ချင်း ပြောတတ်တဲ့သူတွေထဲမှာ ဉာဏ်ရှိရှိ တုံ့ပြန်ဖို့ တိတ်ဆိတ်ခြင်း စိတ်ပညာကို နားလည်လာရင် သင်ဟာ လူတွေရဲ့ လေးစားမှုနဲ့ သင့်ကိုယ်သင် လေးစားမှုကို ရရှိမှာ အမှန်ပါပဲ။
(Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? မှ မှီငြမ်းပါသည်။)
7 months ago | [YT] | 10
View 0 replies
PenSaGar
စထရက်ဂဲလ်
ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီး ဖြစ်ခဲ့တယ်။ 'ဖြစ်ခဲ့တယ်' လို့ ပြောလိုက်လို့ အခုတော့ အောင်မြင်သွားပြီပေါ့လို့ ထင်ကြမလားမသိ။ တကယ်တော့ ဆရာကြီး သေသွားပါပြီ။ မအောင်မြင်တဲ့ ဆရာကြီးအနေနဲ့ပဲ သေသွားတာပါ။
၂၀၀၀ ပြည့်တစ်ဝိုက်က ကျနော်တို့ရွာ အလယ်တန်းကျောင်းမှာ ဆရာ ၅ ယောက် ၆ ယောက် ဆရာမ ၃-၄ ယောက်ထက် ပိုမရှိခဲ့ဘူး။ ဆရာမတွေကတော့ အစိုးရခန့်စစ်စစ်တွေပါ။ ဆရာတွေထဲက အစိုးရခန့်ဆိုရင် ဆရာကြီးဦးဖြူနဲ့ နောက်ဆရာကြီး ၁ ယောက်ပဲ။ ကျန်တဲ့ ဆရာတွေက ဆွဲခန့်ဆရာတွေ ၊ လုပ်အားပေး ဧည့်ဆရာတွေ .. တစ်ခါတစ်ခါ ကျောင်းစောင့်လုပ်တဲ့သူလည်း အတန်းငယ်တွေ ဝင်သင်ချင်သင်တာ။
တစ်ခါကဆို ရွာထဲက အရူးတစ်ယောက်ပါ ကျနော်တို့အခန်းထဲ စာလာသင်သေးတာ။ အရူးလုပ်တဲ့သူက စာဖတ်ပြီး ရူးသွားတယ်လို့ ပြောကြတဲ့ ယဉ်ယဉ်လေးအရူးမျိုး။ မှတ်မှတ်ရရ ကျနော့်ကိုတောင် စာကောက်မေးသွားသေး။ ကျောင်းမှာက အချိန်ပြည့်ဆရာရယ်လို့ လက်ညှိုးထိုးပြနိုင်တာ ဆရာကြီး ဦးဖြူနဲ့ နောက်သင်္ချာဆရာကြီး ဒီလောက်ပဲ။ ဒါတောင် ဆရာကြီးဦးဖြူက အတန်းတွေ ဝင်ပြီး စာပြတာမျိုးမလုပ်။ ကျောင်းအိပ်ကျောင်းစားနဲ့ မန်နေဂျာဆရာကြီးလို့ ပြောရမှာပေါ့။ ကျန်တဲ့ ဆရာတွေက အာဂန္တုတွေ။ တချို့ဆရာတွေက မိုးတွင်းရောက်ရင် ကျောင်းမလာတော့ဘူး။ ယာထဲတောထဲ ရောက်သွားတော့တယ်။ တချို့လည်း သစ်ပွဲစားအလုပ်ကောင်းတဲ့ရက် ကျောင်းဘက် မလှည့်တော့ဘူး။
ဆရာတွေ ကျောင်းမမှန်တော့ ကျောင်းသားတွေလည်း ကျောင်းခန်းနဲ့ နေ့နံမကိုက်ကြတာ ဘာဆန်းမှာမို့လဲ။ ကျနော်တို့ဆို အလယ်တန်းမတက်ခင်အထိ ကိုယ့်အတန်း ကိုယ့်ခုံရယ် အတည်တကျ ရှိခဲ့တာ မဟုတ်။ မရှိဆို ကျောင်းကို ပုံမှန်မတက်ဖြစ်တာ။ ကျောင်းတက်တဲ့ကောင်တွေ ဆိုတာလည်း စာသင်ချင်လို့ မဟုတ်ဘူးရယ်။ ကျောင်းခန်းကို ကစားကွင်းလို စုရပ်လုပ်ပြီး ဆော့ချင်လို့ ကျောင်းလာတဲ့ကောင်တွေ။ ကျောင်းဝန်းတစ်ခုလုံးမှာ စည်းရိုးပျက်တွေ ဖရိုဖရဲ။ တစ်ကျောင်းလုံးလည်း လေးတန်းကျောင်းဆောင်ရှေ့က ယူကလစ်နှစ်ပင်ကလွဲရင် တစ်ဝန်းလုံး မြက်ယောင်းခြောက်တွေနဲ့ ဖုံးလို့။ လေပွေပူတွေ တိုက်လာရင် မြက်ခြောက်သံတရှဲရှဲက ခပ်လှမ်းလှမ်း စာသင်ခန်းတွေကနေတောင် ကြားရတယ်။
ကျောင်းက ရွာနှစ်ရွာအလယ်မှာ ဆိုတော့ ဟိုရွာဒီရွာ ဖြတ်သွားတဲ့သူတိုင်းက ကျောင်းအခြေအနေကို အစင်းသိပြီးသား။
"ကျောင်းကလည်း စည်းကမ်းပျက်ချက်ကွာ။ ဘယ်လိုဆရာတွေများ ကိုင်နေပါလိမ့်" ဆိုတာက အပျော့ပြောင်းဆုံး ဝေဖန်ချက်။ ဒီထက် ပါးစပ်ရဲတဲ့ ရွာသားတွေဆို "ကိုဖြူကြီးနဲ့တော့ ကျောင်းပျက်မှာပဲ" ဆိုတာမျိုး နာမည်ပါ တပ်ပြောတာ။ ဒီလို ဗရုတ်သုက္ခတောကျောင်းလေးမှာ ဗြဟ္မာ့ဦးခေါင်းကိုင်ဖို့ ဆရာကြီးဦးဖြူက ကျောင်းအုပ်လာဖြစ်ခဲ့တာ။ သူ့ကံပဲလို့ ပြောရမှာပေါ့။
ဆရာကြီးက အောက်အရပ်သား။ နာမည်အတိုင်းပဲ အသားက ဖြူတယ်။ လူက လူဖလံလေး။ နှုတ်ခမ်းမွေးကုပ်ကွေး ၊ လက်ပြင်ကုန်းလေးနဲ့။ နတ်စင်သာသာသာ သုံးပင်နှစ်ခန်း သူ့ရုံးခန်း အုတ်တိုက်လေးထဲမှာပဲ သူ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းတာ များတယ်။ တနင်္လာနေ့လို Assembly စီတဲ့ ရက်ပဲ အုတ်တိုက်လေးရှေ့ အလံတိုင်ရှေ့ရပ် အသံတိုးတိုးနဲ့ စကားနည်းနည်းပြောတယ်။ ဆရာကြီးရဲ့ ပိန်သေးသေး ကိုယ်လုံးလေးပေါ်မှာ ကျောင်းဝတ်စုံအဖြူကြီးက ဖားဖားယောင်းယောင်း။ လေထန်တဲ့နေ့တွေမှာ ဆရာကြီးဟာ လေနဲ့အတူ လွင့်ပျံသွားမလား အောက်မေ့ရတယ်။ ဆရာကြီး ကြည့်ရတာလည်း လေပေါ်ပျံလို့ရရင် ပျံသွားချင်သလိုမျိုး။ ဒီနေရာနဲ့ ဝေးနိုင်သမျှ အဝေးကြီး ထွက်ပြေးဖို့ အသင့်ဖြစ်နေတဲ့ပုံ။
ဆရာကြီးရဲ့ တစ်နေ့တာကို ကျနော်တို့ သိပ်မသိကြဘူး။ မသိဆို ဆရာကြီးက သူ့ရုံးခန်း အုတ်တိုက်လေးထဲကကို ထွက်တယ်မှ မရှိတာ။ ကျနော်တို့ ပြောနိုင်တဲ့အချက်က ဆရာကြီးဟာ အမြဲလိုလို မူးနေတော့တာပဲဆိုတာ။ ဆရာကြီး မမူးတဲ့ရက်က ရှားပါတယ်။ ကျောင်းအပ်လက်ခံတဲ့ ရက်မျိုး ၊ ကျောင်းစစ်လာတဲ့ရက်မျိုး ၊ မိဘဆရာအစည်းအဝေး ရှိတဲ့နေ့မျိုးလောက်ပဲ လွတ်မယ်ထင်တယ်။ ဒါလည်း ညနေဆို မူးတော့တာပါပဲ။ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်က ကျောင်းစောင့် ၊ ကျောင်းစာရေးနဲ့ ကျနော်တို့ရွာက ဆွဲခန့်သမိုင်းဆရာပဲ။
ဆရာကြီးတို့ နေ့တိုင်း သောက်တယ်ဆိုတော့ ပိုက်ဆံပေါသားပဲ မထင်လိုက်နဲ့။ အတော်များများက တောင်ရွာ မြောက်ပိုင်းအရက်ဆိုင်က အကြွေးစာရင်းဖွင့်သောက်တာ။ အရက်ကို အကြွေးယူပေးရတာက ကျနော်တို့ ကျောင်းစောင့်ဆိုပေမယ့် တစ်ခါတစ်ခါ ကျောင်းဆင်းလို့ မပြန်သေးဘဲ ကျောင်းဝင်းထဲ ဘောလုံးကန်နေတဲ့ ကျနော်တို့ ယူပေးရတာလည်း ရှိတာပါပဲ။ တစ်ခါက ဆရာကြီးတွေကို အရက်သွားပေးရင်း ရုံးခန်းထဲက ပြတင်းဘက် မျက်နှာမူထားတဲ့ အလုပ်စားပွဲပေါ်မှာ ဝကစ်ကစ် ကလေးပေါက်စလေး ချီပြီး ပြုံးရယ်နေတဲ့ အသားဖြူဖြူ အသက် ၃၀ တန်း လူလတ်ပိုင်းတစ်ယောက်ရဲ့ ဓါတ်ပုံကို မြင်ဖူးတယ်။ လူက ပိန်သွယ်သလောက် စိတ်ရောရုပ်ပါ ကြံ့ခိုင်ပြီး ကြည့်ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ပဲ။
သမိုင်းဆရာက ကျနော်တို့ ဝယ်လာတဲ့ အရက်ပုလင်းကို လှမ်းယူရင်း ကျနော်တို့ ဓါတ်ပုံကြည့်နေတာ သတိထားမိသွားတယ်။
"ဘယ်လိုလဲ ချောတယ်မလား။" တဲ့
ဆရာက ပေါ့ပေါ့ပါးပါး စကားစတော့ ကျနော်တို့လည်း မေးရဲသွားတယ်။
"အဲ့ဒါ ဘယ်သူလဲ ဆရာကြီး" ဆိုတော့ သမိုင်းဆရာက ဆရာကြီးဦးဖြူဘက် မေးငေါ့ပြတယ်။ ဆရာကြိးဦးဖြူက ခေါင်းကြီးငုံ့လို့။ ရေချိန်ကိုက်သွားလို့တော့ ဟုတ်ဟန်မတူ။ ဆရာကြီး ရှက်နေတာပဲဆိုတာ ကျနော်တို့ သိလိုက်တယ်။
"တို့ဆရာကြီးက ချောသားပဲ။"
ကျနော်တို့ထဲက စကားသွက်သွက်ကျောင်းသားတစ်ယောက် ပြောတော့ ဆရာကြီး ခေါင်းထပ်ငုံ့သွားတယ်။ သမိုင်းဆရာကတော့ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်တွေမို့ ပြောရဲဆိုရဲရှိတယ်။
"မင်းတို့ဆရာကြီးက လူတင် ဖြောင့်တာမဟုတ်ဘူး။ ဉာဏ်ကလည်း သိပ်ထက်တာ။ ဆယ်တန်းကို ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်ပြီး ပညာရေးတက္ကသိုလ်ကို စတိုင်ပင်နဲ့ ရောက်လာတာ။ မိဘသာ တတ်နိုင်ရင် အဲ့ခေတ်က ဆေးတို့ RIT တို့လည်း အေးဆေးတက်လို့ရတယ် နောဆရာကြီး" ဆိုပြီး ဆရာကြီးဦးဖြူဘက် လှည့်ပြီး အတည်ပြုသလိုပါ ပြောလိုက်သေး။
"ဒါတွေ ပြီးခဲ့ပါပြီ" တဲ့။ ဆရာကြီး ဦးဖြူက တိုတိုနဲ့တိုးတိုးဖြေတယ်။ ဆရာကြီးက အနီးကပ်ကြည့်မှ တော်တော်အိုစာနေတာ တွေ့ရတယ်။ ဆရာကြီးအသက် ဘယ်လောက်ရှိမလဲ ကျနော်မပြောတတ်။ ကျွန်တော်တို့ကျောင်းက ဆရာကြီး ကျောင်းအုပ်လုပ်သွားတဲ့ နောက်ဆုံးကျောင်း ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်လို့ တွေးမိတယ်။ ဒီလို သောက်ပုံနဲ့ဆို အစိုးရက ပင်စင်မပေးခင် ပယင်းရောင်တွေက ဆရာကြီးကို ပင်စင်ပေးလိမ့်မယ်လို့လည်း စိုးရိမ်စိတ်ဝင်မိတယ်။ ဒါပေမယ့် ဘာပြောရဲမှာတုန်း။ ဆရာကြီးက ဆရာကြီးကိုး။
ဆရာကြီးရဲ့ နောက်ခံကို ကျနော်တို့ မသိပါ။ စာသင်ခန်းတွေထဲလည်း ဘယ်တော့မှ စာလာမသင်ပါ။ တနင်္လာနေ့များဆိုရင်တော့ ဆရာကြီးကို အလံတိုင်ရှေ့မှာ လက်နောက်ပစ်လျက်သား တွေ့ရမြဲ။ မိုးပေါ်ပျံတော့မလို တဖောင်းဖောင်း လွင့်တက်နေတဲ့ ကျောင်းအင်္ကျီဖားဖားကြီးနဲ့ပေါ့။ ဆရာကြီးရဲ့ ပုံစံကတော့ တစ်နေ့ထက်တစ်နေ့ ပိုအို ပိုအားနည်း ၊ ပိုအသံတိုးလာတယ်။ တစ်ခါတစ်ခါ ကျောင်းဝန်းထဲ ဘောလုံးချိန်းကန်ကြရင်း ဆရာကြီး ရုံးခန်းဘက် ကြည့်မိတဲ့အခါ ကျောင်းဆင်းသံချောင်းအောက် အုတ်တိုက်ရှေ့ အမိုးလေးအောက်မှာ ကုလားထိုင်တစ်လုံးနဲ့ တစ်ယောက်တည်း ထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ဆရာကြီးကို တွေ့ရတတ်တယ်။
ကျနော်တို့ ဆရာကြီး အထီးကျန် တိတ်ဆိတ်နေတာမြင်တိုင်း ကျနော်တို့ စိတ်မကောင်း။ ဆရာကြီး သူ့သမီးလေးကို လွမ်းနေတာလား။ ဒါမှမဟုတ် တက်လမ်းမရှိ ဗရမ်းဗတာ ဖြစ်နေတဲ့ တောကျောင်းလေးမှာ မပျော်နိုင်ဘဲ မှိုင်နေတာလား။ ဆရာကြီးရဲ့ ပညာနဲ့ မထိုက်အောင် မလောက်ငတဲ့လစာ ၊ အနာဂါတ်ဝန်ထုပ် နဲ့ လက်ရှိပစ္စက္ခတ်အကြပ်အတည်းတွေအကြောင်း တွေးနေတာလား။ သူနဲ့ ကျောင်းနေဖက်တွေကို သတိရနေတာလား။ ဒါမှမဟုတ် ကျောင်းတုန်းက လွမ်းမောဖွယ် အချစ်ဇာတ်လမ်းဆီ စိတ်ရောက်နေတာလား။ ဆရာကြီး မလိုက်ဖြစ်တဲ့ လမ်းတွေနဲ့ လွဲချော်ခဲ့တဲ့ ဘဝရေစီးတွေကို ငေးကြည့်နေမိတာလာ။ ကျနော် မပြောတတ်။ ကုလားထိုင်ပေါ်မှာ ထိုင်လျက်တောင် လက်ပြင်ကုန်းကုန်းနဲ့ ချုံးချုံးကျနေတဲ့ ဆရာကြီးဦးဖြူရဲ့ပုံစံကိုတော့ အဝေးကပါ လှမ်းမြင်နေရတယ်။ ဓါတ်ပုံထဲက ဆရာကြီးရဲ့ ခွန်အားနဲ့ ကြံ့ခိုင်ယုံကြည်မှုတွေ ရေနွေးငွေ့တွေလို လွင့်ပျယ်သွားပြီလား မသိ။
တစ်ရက်တော့ ဆရာကြီး ကျနော်တို့အတန်းထဲ ရောက်ချလာတယ်။ ဆရာ မလာလို့ တရုန်းရုန်းဖြစ်နေတဲ့ အတန်းထဲကို ယိုင်တိုင်တိုင်နဲ့ ဆရာကြီး ဝင်လာတော့ ကျနော်တို့လည်း ပျာယာခတ်သွားတာပဲ။ ဆရာကြီးကတော့ ဘာမှမပြော။ ကိုယ့်ခုံကိုယ်ထိုင်ကြလို့ ခပ်တိုးတိုးပဲ ပြောတယ်။ ပြီးတော့ ဘာတွေပြောမှန်းမသိ အင်္ဂလိပ်လို တစ်ခွန်းနှစ်ခွန်းပြောတယ်။ ကျနော်တို့ နားမလည်မှန်း သိလို့လား။ ကျောင်းသားတွေ မှတ်သားစေချင်လို့လားတော့မသိ။ မြေဖြူခွက်ထဲက မြေဖြူတစ်ချောင်းနှိုက်လို့ ဘလတ်ဘုတ်ပေါ် စာတစ်ကြောင်းရေးတယ်။
"Life is struggle"
ကျနော်တို့အကုန်လုံး Life နဲ့ is ကို သိပေမယ့် နောက်က Struggle ဆိုတာကို မသိ။ ဆရာကြီးက ရီဝေဝေကြည့်ပြီး အသံထွက်ပြောပြသည်။ စထရက်ဂဲလ် ...ဘဝဆိုတာ ရုန်းကန်မှုပဲကွ။တဲ့ ဘာရုန်းကန်မှုလဲတော့ မသိ။ ကျနော်တို့ သိတဲ့ ရုန်းကန်တယ်ဆိုတာ ဘောလုံးဆွဲပြေးပြီး တစ်ဖက်လူကိုကျော် ဂိုးထဲ ကန်ထည့်တာပဲ။ ဆရာကြီးကတော့ အလေးအနက်။
"လူ့ဘဝဆိုတာ ရုန်းကန်မှုပဲ။ ရှင်သန်ဖို့ ရုန်းကန်ရတယ်။ ထမင်းစားရဖို့ ရုန်းကန်ရတယ်။ ဟော ... ပညာတတ်ဖို့ ရုန်းကန်ရတယ်။ လိုချင်တဲ့ ရည်းစားရဖို့အထိပါ ရုန်းကန်ရတယ်ကွာ။ ဆရာကြီးလည်း ရုန်းကန်ရတယ်။ မင်းတို့လည်း ရုန်းကန်ရတယ်။ ရုန်းကန်မှုက ဘဝ , ဘဝက ရုန်းကန်မှုပဲ။ စထရက်ဂဲလ် ဘာတဲ့ "
ကျနော်တို့တတွေ "စထရက်ဂဲလ်" ဆိုပြီး ပျော်ပျော်ကြီး အော်တော့ ဆရာကြီး ဝမ်းသာသွားတယ်။
"မှန်တယ်ကွ။ စထရက်ဂဲလ်...ဟဲဟဲ စထရက်ဂဲလ် မှတ်ထားနော်"တဲ့။ ဆရာကြီးက တဟဲဟဲနဲ့ ရယ်ရင်း စာသင်ခန်းထဲက ယိုင်တိုင်တိုင် ပြန်ထွက်သွားတယ်။ ကျနော်တို့ အားလုံး တစ်ယောက်တစ်ပေါက် ဖြစ်ကျန်ခဲ့တယ်။ ကျနော်ကတော့ ဘလက်ဘုတ်ပေါ်က လက်ရေးလှလှနဲ့ ရေးထားတဲ့ Life is struggle ဆိုတဲ့ စာကြောင်းကို စိုက်ကြည့်နေမိတယ်.
ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီးပါ။ ကျနော်တို့ ၈ တန်းနှစ်မှာ ဆရာကြီး အနားပေးခံရတာလား ၊ ကျောင်းပြောင်းကျတာလား မသိ။ ဆရာကြီးနဲ့ ကျနော်တို့ တောကျောင်းလေး ရေစက်ကုန်ခဲ့ပါတယ်။ နောက်ကျောင်းအုပ်ဆရာမကြီးလက်ထက်မှာ ကျောင်းက တော်တော်လေး တိုးတက်တာတော့ အမှန်ပဲ။ အထက (ခွဲ)တွေ ဘာတွေ ဖြစ်လို့ ။ အစိုးရခန့် ဆရာစစ်စစ်တွေနဲ့ ၊ စည်းရိုးတောင့်တောင့် ထုံးဖြူဖြောင့်ဖြောင့်လမ်းတွေနဲ့။ ကျောင်းလည်း ကျောင်းနဲ့တူသွားပြီ။ ရွာကလူတွေဆို ဆရာမကြီးကို သိပ်ချီးကျူးကြတာပဲ။ ဆရာကြီးဦးဖြူကတော့ အမေ့လျော့ခံ ဖြစ်သွားပြီပေါ့။
ကျနော်တို့ တက္ကသိုလ်တက်ချိန် ဆရာကြီးဦးဖြူ ဆုံးပါးသွားတယ်။ သူ့ဇာတိ အောက်အရပ်က အိမ်အိုလေးထဲမှာ ဘဝဆီမီး ငြိမ်းခဲ့တယ်လို့ ကြားပါတယ်။ ဆုံးတော့လည်း ချို့ချို့တဲ့တဲ့ဆိုတော့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ကျနော်တို့မှာ စိတ်မကောင်း။ အခုခေတ်လိုသာ Social Media တွေ အားကောင်းရင် ဆရာကြီးမဆုံးခင် ကျနော်တို့ ကျေးဇူးဆပ်နိုင်လိုက်မှာလို့ တွေးမိတယ်။ ဆရာကြီးက လွမ်းစရာမကောင်းဘူး ဆိုပေမယ့် သတိရစရာကောင်းတယ်လို့ ထင်တယ်။
သူ့ဘဝက သူပုံစံလို ယိုင်နဲ့နဲ့ ဖြစ်ခဲ့တာတွေ ၊ အရက်ကြိုက်သလို ရှက်တတ်တဲ့ ပညာတတ်ကြီးတစ်ယောက်အဖြစ် နေထိုင်ခဲ့တာတွေ ၊ လူလေးစားမခံရတဲ့ , လက်ရည်တူမိတ်ဆွေ မရှိ အထီးကျန်ဆရာကြီးအဖြစ် မိသားစုနဲ့ ဝေးကွာရာမှာ လေလွင့်ခဲ့ပုံတွေ ၊ တပည့်တွေနဲ့ တရင်းတနှီး နေချင်ခဲ့တဲ့ အမူအရာတွေ ၊ ညနေ ညနေ ရုံးတက်ရှေ့ ထိုင်ခုံပေါ် ကုန်းကုန်းလေးထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ပုံတွေ ၊ ဘဝမှာ တစ်ခါဖြစ်ဖြစ် အကောင်းဆုံးစိတ်ဓါတ် ရုပ်ရည်နဲ့ ပျော်ရွှင်နိုင်ခဲ့တဲ့ ဆရာကြီးရဲ့ နေ့ရက်တွေကို ကျနော် စိတ်မှန်းနဲ့ သတိရမိပါတယ်။ တစ်ခါတစ်ခါ ဆရာကြီးရဲ့ စိတ်အနက်ရှိုင်းဆုံး အောက်အလွှာမှာ ဘာတွေ ရှိခဲ့လဲ ကျနော် သိချင်မိတာ အမှန်ပဲ။ ဆရာကြီးလည်း သူ့နည်းသူ့ဟန်နဲ့သူ ရုန်းကန်ခဲ့ရမယ်လို့တော့ ကျနော် ပြောရဲတယ်။
ဆရာကြီးရဲ့ဘဝကို စကားလုံးတစ်လုံးနဲ့ ပြောကြေးဆို ဘလက်ဘုတ်ပေါ် သူရေးပြခဲ့သလို Struggle လို့ ရေးပြရင် ပြည့်စုံသွားမယ် ထင်ပါတယ်။ လူ့အဖြစ်ရဲ့ ထူးခြားချက်တစ်ခုမှာ နောက်ခံအကြောင်းတွေ မသိလည်း အဓိပ္ပါယ်တစ်ခုခု ဆွဲထုတ်နိုင်တာပဲ မဟုတ်လား။ ဆရာကြီးရဲ့ အဓိပ္ပါယ်ဆိုရင် စထရက်ဂဲလ်လို့သာ ပြောပြချင်ပါတယ်။
7 months ago | [YT] | 6
View 0 replies
PenSaGar
နောက်နှစ်ခါ တန်ဆောင်မုန်း ...
ဒီအချိန်ဆို ကိုယ်တို့ဇာတိသည် တောင်ကုန်းတွေအကြား ပြာတာတာ မြူတို့နှင့် လဲ့လဲ့မှုန်နေရော့မည်။ ရွာအပြင် ကွင်းစပ်တွေမှာတော့ ထွန်ယက်ထားတဲ့ ပဲခင်းတွေ ၊ သူ့အစုနဲ့သူ ပုံထားတဲ့ ပဲရိုးပုံတွေ ၊ ရှို့မီးတွေနဲ့ လှနေရော့မည်။ ညနေရီရဲ့ တိတ်ဆိတ်တဲ့ တောတန်းသည် နုညက်တဲ့ မြေအနံ့ ၊ ဆည်ဘက်က ရေငွေ့ပါ လေအေးဓါတ်နဲ့ ငြိမ်းချမ်းငြိမ်သက်တဲ့ ရှုမျှော်ခင်းထဲမှာ အဆုံးအဆမဲ့ သာယာနေပေမည်။ အရာရာပြောင်းမယ့် တန်ဆောင်မုန်းလပေပဲ။
ပူလောင်ခဲ့တဲ့နွေညများ ၊ အိုက်စပ်စပ် မိုးရက်များ,,,, အားလုံးကို တန်ဆောင်မုန်းက လက်ပြသွားခဲ့ပြီ။ ရိတ်သိမ်းပြီးစ ကွင်းပြင် ယာခင်းမွမွထက် ပဲအိတ်တွေပေါ် ပက်လက်လှန်ရင်း ညနေရီကို ခံစားရသည်မှာ ဘဝတစ်ခုရဲ့ အဓိပ္ပါယ်မလား။ ဆောင်းညများလည်း စချေပြီကော။
တိတ်ဆိတ်နေတဲ့ ယာပြင်တန်းကနေ ရွာဘက်ကို ငေးကြည့်ရင် မှိုင်းရီနေတဲ့ အိပ်မက်ဆန်ဆန် ရွာကလေးတစ်ရွာ ရှိနေသည်။ တလျှောက်လုံး ပင်ပန်းကြီးစွာ ရှာဖွေစားသောက်ခဲ့သူများ ဒီရွာထဲမှာ အိပ်သူအိပ် ၊ အပန်းဖြေ တစ်ခွက်တစ်ဖလား မော့သူမော့လိမ့်မည်။ ဘယ်သူပြောနိုင်မလဲ။ မိသားစုနဲ့အတူ ပူးချည်ကပ်ချည် အိမ်ပြန်လာတဲ့ ယောက်ျားတစ်ယောက်လို အိမ်ရနံ့ကို လွမ်းသူလည်း လွမ်းလိမ့်မည်ပဲ။ တောင်ကုန်းတောတန်းကနေ နေဝင်ပြီးစ ညနေမှာ ငေးကြည့်ရသည်မှာ အရာအားလုံး လွဲမှားကောင်း လွဲမှားနိုင်မည်။ အားလုံးနီးနီး မှန်ကောင်းလည်း မှန်နိုင်မည်။ ဘယ်သူ ပြောနိုင်မလဲ။ အမှန်အမှားက ဘယ်လောက်များ ခြားနားသလဲဆို။
တန်ဆောင်တိုင်ရင် ကိုယ်လွမ်းတာတွေမှ အများကြီး။ ဒီအချိန်ဆို ရွာထဲ ရပ်ကွက်တွေက ကာလသားခေါင်းတွေ ၊ အပျိုချော ၊ ကာလသားတွေ ပေါင်းလို့ ရွာဘုန်းကြီးကျောင်းဆီ သွားတော့သည်။ သွားတယ်...ဆိုလို့ တစ်ယောက်တစ်ပေါက်တော့ မဟုတ်။ အားလုံး စုပြီး ပျော်ပျော်ပါးပါး လူစုလူဝေးနဲ့ သွားကြခြင်းပင်။ အလှဆုံးဆိုသော မိန်းကလေးများ ၊ အထက်ဆုံးဆိုသော ယောက်ျားသားများ အသားနားဆုံးဆိုသော အဝတ်အစားများနှင့် ကိုယ်တို့အိမ်မြောက်ဘက် လမ်းထောင့် ၊ ဆိုင်းဆရာရဲ့ အိမ်နားမှာ စုရပ်လုပ်ကြသည်။
ညနေရီက လူတိုင်းကို လှစေတယ် ထင်သည်။ အကျည်းတန်သော (သို့မဟုတ်) လ ယ်ထဲ ယာထဲမှာ ရွက်ကြမ်းရည်ကြိုဟုသာ ထင်ရသော မိန်းကလေးများ အားလုံး လှနေသည်ပဲ။ သနပ်ခါးပါးပါး အာချီမိတ်ကပ်နံ့များ ၊ မျက်ခုံးထူထူ တန်းတန်းများ ။ အရင်နှင့် မတူတော့တဲ့ လဲ့လဲ့လွင် စကားငြင်သာ ပြောသံများ... ကလေးဘဝကတည်းက ကိုယ်ဟာ တန်ဆောင်တိုင်မင်းသမီးများကို စွဲလမ်းခဲ့ပါသည်။ ငေးကြည့်ရုံနဲ့တင် ရှင်သန်ခြင်းအဓိပ္ပါယ်ကို ခံစားနိုင်ခဲ့ပါသည်။ သူတို့ သိပ်လှလေသလား? မဟုတ်ဘူးဆိုတာ သိပါသည်။
သို့သော်ငြား တန်ဆောင်တိုင် ညနေရီမှာ ဘယ်သူမဆို လှနိုင်တယ်ဆိုတာ သိပါသလား။ တန်ဆောင်တိုင်ညများမှာ ကိုယ်ဟာ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ငေးမောကြည့်နေမိသည်။ အားလုံး လှသင့် အရောင်အဝါတင့်တယ်သင့်တဲ့ အချိန်ပဲလို့လည်း နားလည်ခဲ့သည်။ ကောက်နံ့သင်းသင်း ၊ ပဲနံ့မွှေးမွှေး နှင့် မြောက်ပြန်လေအေးအေးတို့အကြားမှာ လူတစ်ယောက်ရဲ့ အလှဆုံးအရွယ် , အလှဆုံးအချိန် , အလှဆုံးပုံရိပ်ကို ပြသင့်တယ်လို့လည်း ခံစားမိတာ ပါတာပေါ့။
လူတွေဟာ ဆီမီးကိုယ်စီ ပန်းကိုယ်စီနဲ့ နေဝင်ဖျိုးဖျ လထွက်စမှာ အိုးစည်ဗုံမောင်းတို့နှင့် ရွာဦးကျောင်းဆီ ဦးတည်ကြသည်။ ဖိတ်ဖိတ်တောက် လရောင်အောက် ဆီမီးရောင်စုံတန်းနဲ့ လူတန်းကြီး ပျော်ပျော်ပါးပါး ဘုရားသွား ကျောင်းတက်ကြတာ ကိုယ့်အဖို့ အမြဲအံ့ဩစရာပဲ။ တစ်ဖက်မှာလည်း သူတို့ရဲ့ ပေါ့ပါး လွတ်လပ်စွာ ယုံကြည်လွှတ်ချမှုတွေဟာ ကိုယ့်အဖို့ဟာ ထူးခြားတဲ့ အလှတရားတစ်မျိုးပါပဲ။ လူဆိုတာ တစ်ခုခုကို ယုံကြည်နေဖို့ လိုတဲ့ သတ္တဝါမျိုးလို့ ကိုယ်နားလည်ထားသည်။ "မယုံတော့ကော?"
အေး ... ယုံကြည်စရာတွေ မရှိလို့ဖြစ်ဖြစ် မယုံတတ်တော့ရင်ပဲ ဖြစ်ဖြစ် ကြာရှည်စွာ တစ်ကိုယ်တော် နေထိုင်တဲ့အခါ ပျော်စရာ ပေါ့ပါးမှုတွေ မရှိတော့တာ ကိုယ်တွေ့ပဲ။ ငယ်ငယ်က ရွာလူပျက်တွေ တန်ဆောင်တိုင်ခါ အိုးစည်ဒိုးပတ်နှင့် ဘုန်းတော်ကြီးကျောင်း သွားကြတဲ့အခါ လူတွေ ဆိုလေ့ဆိုထရှိတဲ့ သီချင်းတစ်ပုဒ် ရှိဖူးသည်။ သီချင်းက လူတိုင်းသိပြီးသား တန်ဆောင်တိုင်သီချင်းပါ။ ဘာတဲ့။
"အဖိုးကြီးအို ခါးကုန်းလို့ မသေပါနဲ့ဦး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည်ပါဦး"တဲ့။
ဘာပွဲကို ကိုယ်တို့ ကြည့်ရမှာလဲ။ လှပဆန်းပြား ညများသည် အတိတ်နဲ့သာ သက်ဆိုင်ပြီး ပစ္စုပ္ပန်ကို တကျွတ်ကျွတ်မြည်သံနဲ့ ဖြတ်သန်းနေရပြီကိုး ။ နောက်နှစ်ခါ တန်ဆောင်မုန်းသည် ဘယ်လောက်များ လှလို့ ဘယ်တော့များမှ ကံဆုံကြမလဲ။ ကိုယ် မတွေးတတ်။ မတွေးရက်တော့ပါ။ တန်ဆောင်တိုင်ညများမှာ ဆန်းပြားစွာ လူးလွန့်မိုးထိုးတက်သွားတဲ့ မီးပုံးများ ဘယ်လောက်အမြင့် ရောက်ခဲ့ပါသလဲ။ လှပစွာ ပေါက်ကွဲ ,,, ရဲရင့်စွာ လောင်ကျွမ်း ။ ဒီဘဝများနှင့် ဘာများ ခြားနားပါသလဲ။ မေးခွန်းတွေလည်း တန်ဆောင်တိုင်မီးပုံများနှယ် တရိပ်ရိပ်မြင့်တက်။
မိုးအကုန် ဆောင်းအကူးတွေမှာ မီးပုံးအသေးတစ်ခုတလေဖြစ်ဖြစ် သင်တို့၏ အရပ် ညကောင်းကင်ထက် တွေ့ကောင်း တွေ့နိုင်ပါသည်။ တွေ့သည့်အခါ သင်ဘာတွေ စဉ်းစားမိပါသလဲ။ တိမ်တွေထဲအထိ ရောက်သွားတဲ့ မီးပုံးများဆီ ငေးရီရင်း ဘဝအမောတွေ လွှင့်ပစ်လိုက်တဲ့ အတွေးတွေလား ၊ သင် ပြန်မရတော့တဲ့ လှပအကျည်းတန် အတိတ်ဆန်တဲ့ မြင်ကွင်းတွေများလား။
သင်ဘာကိုတွေးတွေး,,, သင့်ဟာသင် ဘယ်လောက်ပဲ တစ်ကိုယ်တော်ခံစားရခံစားရ တန်ဆောင်မုန်းညများကို သင်ဆန္ဒရှိသလို လှပစွာ ပြန်လည်လာစေချင်သူတစ်ယောက်တော့ ရှိခဲ့သည်ဟု ပြောချင်ပါသည်။ ထိုသူသည် ကျနော်ဖြစ်နိုင်သလို အခြားသူတစ်ဦးလည်း ဖြစ်နိုင်ပါသည်။ တူညီသည့်ခံစားချက်ကို မတူသူများလည်း ခံစားနိုင်ပါသည်။ ထိုသို့ နားလည်ပေးဖို့ လိုပါသည်။
တန်ဆောင်မုန်းညများသည် ကိုယ်တို့ရှိရှိ မရှိရှိ ဆက်၍ ရှိနေမည်။ လောကတစ်နေရာ ဖြတ်လျှောက်ဧည့်သည်ဖြစ်ခဲ့ရခြင်းမှာ ဘာအထူးဆုမှ မျှော်လင့်မရသော်ငြား ကိုယ့်ကိုယ်ကိုယ် တစ်စုံတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားနိုင်ခဲ့ခြင်းသည် အမြတ်ဆုံးဆု ဖြစ်ကောင်းဖြစ်နိုင်သည်။
မော့ကြည့်တဲ့အခါ လသာသည်ကို မြင်လျင် သင်ကံကောင်းပါလိမ့်မယ်။ (သင် ရှင်သန်နိုင်တုန်းပဲဆိုသည့် အခိုင်မာဆုံးသက်သေပင်။) သင်ကြည့်မိသည့်လသည် တန်ဆောင်မုန်းလ ဖြစ်သည်ဆိုလျင် သင့်ရှင်သန်ခြင်းသည် ပြည့်စုံခြင်းသို့ ရောက်ပေမည်။ နောက်နှစ်ခါ တန်ဆောင်မုန်းကို သင်မျှော်နေဖို့ မလိုတော့ပြီမလား။
7 months ago | [YT] | 12
View 0 replies
PenSaGar
မသေခင် ဘဝပြောင်းစေမယ့် အလေ့အကျင့်လေးတွေ
အခုပြောမှာက ကျနော် ဖတ်ဖူးတာလေးတွေထဲက စိတ်ကို ငြိခဲ့တာလေးတွေပါ။ ဒါကို ဖတ်ကြည့်ရင် ကျနော်ပြောတာကို သဘောတူကြပါလိမ့်မယ်။ ဘာလဲဆိုတော့ အကျင့်တွေအကြောင်း။
အကျင့်ဆိုတာ ကျနော်တို့ နေ့စဉ်လုပ်နေကျဆိုတော့ ထူးပြီး မထူးဘူးလို့ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီအကျင့်တွေကပဲ ကျနော်တို့ကို ဘယ်လိုလူဖြစ်စေဆိုပြီး ပုံဖော်သွားတာမဟုတ်လား။ ဒီတော့ ကိုယ့်အကျင့်ကိုယ် ပြင်ရင် အတော်အဆင်ပြေလိမ့်မယ် တွေးမိလို့ပါ။
မသေခင် ပြင်သင့်တဲ့ အကျင့်လေးတွေအကြောင်းကို ပြန်ပြောရရင်တော့ အိပ်ရာစောစောထ ဆိုတဲ့ ကျနော့်အမေစကားနဲ့ ပြောရမှာပါ။ တကယ်မှန်တဲ့စကားပါ။ စာတွေ ဖတ် ၊ နာမည်ကြီး motivational speaker ကြီးတွေ စကားနားထောင်ရင်လည်း အကျင့်ပြောင်းချင် စောစောထ ဆိုတဲ့စကားကြားတော့ ငါ့အမေက ဟုတ်လှချည်လားလို့ တွေးမိတယ်။ ထားပါ။
အခုတော့ မသေခင် ဘဝကို ပြောင်းလဲစေမယ်ဆိုတဲ့ အကျင့်တွေကို ကြည့်ရအောင်ပါ။
(၁) အသစ်အသစ် နေ့တိုင်းလေ့လာပါ
ပညာတတ်ရင် လွတ်လပ်မယ်ဆိုတဲ့ စကားကို သေချာတွေးကြည့်ပါ။ ကျနော့်အဖေပြောတတ်သလို "အလကားစကားတော့ မဟုတ်"။
နေ့တိုင်း အသိတစ်ခု ၊ အတတ်တစ်ခု ၊ စိတ်မြှင့်တင်မှုတစ်ခု ....။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် နေ့တိုင်း လေ့လာတဲ့အကျင့်လေး မွေးကြည့်ပါ။ တိုးတက်မယ့်စာ တစ်ရက် ၁၀ မျက်နှာဖတ်သွားရင်တောင် တစ်နှစ် နှစ်နှစ်ဆို မယုံနိုင်အောင် ပြောင်းလဲသွားပါမယ်တဲ့။
တစ်နေ့ အသစ်တစ်ခု လေ့လာရင် တစ်နှစ်ကြာရင် အသိသစ် ၃၆၅ ခု ရသွားမယ်လို့လည်း စိတ်တွက်တွက်ကြည့်လို့ ရပါတယ်။
(၂) များများနားထောင် ၊ နည်းနည်းပြော
ဒီအကျင့်လေးက ချက်ချင်းကို ပုံစံပြောင်း Transformation ဖြစ်စေမယ့် အကျင့်ပါ။ ဘယ်သူမဆို ကိုယ်ကပဲ အပြောသမားလုပ်ချင်ပြီး ဘယ်သူဘာပြောပြော နားထောင်ချင်တာမဟုတ်။ နောက်ဆုံးတော့ သူတစ်ပါးအတွေး ၊ အသိနဲ့ အတွေ့အကြုံကို ကိုယ် မရတော့ရုံပဲ ရှိရော။
လူတွေက နှုတ်နည်းတဲ့သူစကားဆို ပိုအလေးထားသလို ပိုနားထောင်တဲ့သူဆို ပိုလေးလေးနက်နက် ပတ်သက်တယ်။ မသေခင်လူရာဝင်ချင်ရင် သိပ်အများကြီး မပြောနဲ့။ ပြောရင်လည်း ထိထိရောက်ရောက် ပြော။
ဒါလေးကို အလေ့အကျင့်လုပ်ရင်ကိုပဲ အများကြီး ပုံစံပြောင်းသွားပါလိမ့်မယ်။
(၃) မစွန့်စားရင် နောင်တရမယ်
ဘဝက တိုတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ချုပ်မထားနဲ့။ လုပ်ချင်တာရှိရင် ကောက်လုပ်လိုက်။ ဘဝမှာ တကယ်လေးတာ နောင်တပဲ။ အဲ့ဝန်မထမ်းရအောင် သေချာစဉ်းစားပြီး ယုံယုံရဲရဲသာ စွန့်စားလိုက်။
(၄) ငြင်းတတ်ပါစေ
မငြင်းတတ်ရင် ခက်မယ်။ ကိုယ်လည်း မကြိုက်တဲ့အလုပ် ၊ လုပ်လည်း မလုပ်သင့်တဲ့အလုပ်ကို ဖိအားပေး./တောင်းဆို/တိုက်တွန်းလို့ ခေါင်းငြိမ့်လိုက်ရရင် ကိုယ့်ဟာကိုယ် စိတ်ပျက်သွားလိမ့်မယ်။
လာသမျှကို "ဟုတ်ကဲ့ အဆင်ပြေပါတယ်" လုပ်နေတာ ကိုယ့်ကိုယ်ကို no လုပ်နေတာပါပဲ။ မိုက်တိုင်စင် ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ လူတိုင်းရဲ့ မိတ်ဆွေလိုက်လုပ်နေရင် ကိုယ်ကိုယ်တိုင်အတွက် ရန်သူဖြစ်နေမယ်တဲ့။ အတော်စဉ်းစားဖို့ကောင်းတဲ့စကားပါ။ မှန်မှန်ကန်ကန် No လို့ပြောတာ အတ္တကြီးတာ Selfish မဟုတ် ၊ Self-love လုပ်နေတာပါ။ အလကားစကားတော့ မဟုတ်။
(၅) ကိုယ့်ကိုယ်ကိုယ် သေချာဆောက်တည်
ကျန်းမာရေး လိုက်စား။ အားကစားလုပ် ၊ တရားထိုင်။ ရုပ်နဲ့နာမ်ကို အကောင်းဆုံးတည်ဆောက်ထား။ သင့်ခန္ဓာကိုယ်က သင့်ရဲ့ကျောင်းဆောင်ပါ။ သင့်စိတ်က သင့်ရဲ့စွမ်းအင်ပါဝါပါ။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ရှိရှိ ဆက်ဆံလိုက်တာက ဘယ်နှစ်နှစ် နေရရ တကယ်တန်တဲ့ဘဝပါ။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာနဲ့စိတ်ဓါတ်ကို သေချာတည်ဆောက်ထားရင် ဘဝလမ်းကို ဖြတ်သန်းတဲ့အခါ တခြားသူတွေထက် ကိုယ်ခံအားပိုကောင်းကောင်းနဲ့ ဖြတ်ကျော်နိုင်မှာပါပဲ။
(၆) ကိုယ်ပေါင်းတဲ့သူကို ဂရုစိုက်
ကိုယ်ဖြစ်ချင်တဲ့သူပုံစံအတိုင်း ကိုယ်ပေါင်းတဲ့သူကို ရွေးပါ။ ကိုယ်လိုချင်တဲ့ အရည်အသွေး/အရည်အချင်းရှိတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ တိုးတက်ချင်စိတ်ရှိပြီး ရိုးသားကြိုးစားတဲ့သူတွေ ၊ အနာဂါတ်ကို ယုံကြည်ပြီး အကောင်းမြင်စိတ် မျှော်လင့်ချက်နဲ့ သံဓိဌာန်ရှိတဲ့သူတွေနဲ့ ပေါင်းပါ။
အဆိုးမြင်တဲ့သူ ၊ ကိုယ့်ဘဝထဲ အမှိုက်လာပစ်မယ့်သူတွေနဲ့ ဝေးဝေးရှောင်ပါ။ ဒီလိုလူတွေက ကိုယ့်စွမ်းအားတွေ စုပ်ယူဖျက်ဆီးတတ်လို့ပါ။
(၇) ပိုက်ဆံကို လေးစား
ငွေရှာပါ။ ငွေမရှိလို့ ဒုက္ခရောက်မှာ ၊ ဘဝပျက်မှာ ၊ အနာဂါတ်မလုံခြုံမှာ တွေးထားပါ။ ပိုက်ဆံက ဘာမှ မဟုတ်ပါဘူးကွာဆိုတဲ့ စကားမျိုး သွားမယုံနဲ့။ ဘာမှမဟုတ်တဲ့ ပိုက်ဆံက သင့်ကို လူရာဝင်မှု ၊ လွတ်လပ်လုံခြုံမှုနဲ့ကိုယ်လုပ်ချင်ရာ လုပ်နိုင်စေမှုတွေကို ဖွင့်ပေးလို့ပါ။
ပိုက်ဆံကို လေးလေးစားစားရှာ ၊ ရိုရိုသေသေသုံး ။ ကိုယ့်ကို တိုးတက်စေမယ့်ဟာမှ မဟုတ်ရင် ပိုက်ဆံသွားမဖြုန်းနဲ့။
ဒီလောက် အကျင့်လုပ်ထားရင်တောင် အတော်ဟုတ်နေပါလိမ့်မယ်။
7 months ago (edited) | [YT] | 11
View 1 reply
PenSaGar
ပျော်ရွှင်တဲ့ဘဝ stoic ရဲ့ ဒဿန
လူ့ဘဝကို ဖြတ်ကျော်တဲ့နေရာမှာ လူတွေဟာ ကိုယ်စီ ကိုယ်ခံအားနဲ့ ဖြတ်သန်းရတယ် သမီး။
ဘဝဟာ ဒုက္ခဘုံကြီးပဲ ဆင်းရဲမှာပေါ့ ဆိုတဲ့သဘောကို လက်ကိုင်ထားပြီး ဒုက္ခသုက္ခကို ရင်ဆိုင်တဲ့သူတွေ ဖေဖေ မြင်ဖူးတယ်။ ဘဝက တိုတယ်။ ပျော်သလို နေကြ ၊ စုံနေအောင် ခံစားကြဆိုတဲ့ အယူအဆကိုလည်း ဖေဖေ ကြားဖူးတယ်။ ဒီအယူအဆတွေက ဘဝအတွေ့အကြုံထဲက လာတာ ရှိသလို ဘာသာရေးဆိုင်ရာ သင်ကြားမှု ၊ ပတ်ဝန်းကျင်ဩဇာရဲ့ သက်ရောက်မှုတွေလည်း လာတာ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ဘဝကို ဖြတ်ကျော်တဲ့နေရာမှာ စိတ်နေသဘောထားတွေဟာ ဖောင်တွေပါပဲ။ ကောင်းမွန်ခိုင်ကျည်တဲ့ စိတ်ထားတွေနဲ့ ဘဝကို ဖြတ်ကျော်ရတာ တန်တယ်။ လှေကောင်းရွက်ကောင်းနဲ့ ပင်လယ်ချောင်းမြောင်းတွေကို ဖြတ်သန်းရသလိုပေါ့။ စိတ်ချမှုနဲ့ ကျေနပ်ဖွယ်အတိ ဖြစ်မယ်။ ခံယူချက်အလွဲတွေနဲ့ ဘဝပြဿနာတွေကို ရင်ဆိုင်ရပြီဆိုရင်တော့ မဆုံးတဲ့အရှုပ်တွေ ၊ နောင်တပူဆွေးမှု နဲ့ ဆင်းရဲတွေသာ ကြုံတွေ့ရမှာပဲ သမီး။
နောက်နှစ်နည်းနည်းမှာ သမီးဟာ လူ့ဘဝကို ဒီထက်ပို မြင့်မြင့်မြင်လာလိမ့်မယ်။ သမီး မြင်လာမယ့် လောကဟာ ပျော်စရာကောင်းမလား ၊ ထိုက်တန်ရဲ့လားဆိုတာ ဖေဖေ မပြောနိုင်ဘူး။ သမီး ကြုံမယ့် ကမ္ဘာကြီးဟာ ရက်စက်တဲ့ ကမ္ဘာကြီးလား ၊ အချင်းချင်း စောင့်ရှောက်ဖေးကူတဲ့ ဗြဟ္မစိုရ်ဘုံကမ္ဘာကြီးလား ဖေဖေ မသိပါဘူး။ အဖေတစ်ယောက်အနေနဲ့ သမီးကို ကိုယ်ခံအားကောင်းကောင်းနဲ့ လောကထဲ ရဲရဲလျှောက်ဝင် ပျော်ရွှင်စေချင်တဲ့ ဆန္ဒတော့ ဖေဖေ့မှာ အပြည့်ရှိပါတယ်။
ဒီနေ့အဖို့ ဒီအတွေးနဲ့ပဲ သမီးကို ဖေဖေ လက်ဆောင်တစ်ခု ပေးချင်ပါတယ်။ သမီးဘဝ ပျော်ရွှင်ဖို့ လက်ကိုင်ထားသင့်တဲ့ အယူအဆတစ်ခုပေါ့။ သမီးကို ကောင်းမွန်တဲ့ဘဝတစ်ခု ၊ ထိုက်တန်တဲ့ နေနိုင်ခြင်းနဲ့ ဖြတ်ကျော်အောင် ကူညီပေးမယ့် ကိုယ်ခံအားမြှင့် ဒဿနတစ်ခုအကြောင်းပေါ့။ ဒီနှစ်တွေမှာ ဖေဖေ နှစ်ခြိုက်လို့ ကြိုးစားလိုက်နာနေတဲ့ principle တချို့ပေါ့။
အဲ့ဒါကတော့ Stoicism ဆိုတဲ့ ဂရိဒဿနထဲက သင်ကြားချက်တချို့အကြောင်းပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ၊ ဆင်ခြင်တုံတရားနဲ့ ကိုယ်ကျင့်တရားနဲ့အညီ နေထိုင်မှုတွေအကြောင်း သင်ကြားတဲ့ နေ့စဉ်သုံး ဒဿနတစ်ခုအကြောင်းပါပဲ။ Stoicism ဟာ ဘီစီ ၃၀၄ တစ်ဝိုက်က စပြီး ပေါ်ပေါက်လာတဲ့ ထောင်စုနှစ်ချီ အယူအဆတစ်ခု ဖြစ်ပြီး ဒီနေ့အထိလည်း ဘုရင်ဧကရာဇ်ကနေ ဆင်းရဲသားအထိ ဘယ်သူမဆို ကျင့်သုံးလိုက်နာနိုင်တဲ့ ၊ ကျင့်သုံးလိုက်နာနေတဲ့ ကျော်ကြားတဲ့ လူမှုဒဿနတစ်ခု ဖြစ်လို့ လူတိုင်းနဲ့ အကျုံးဝင်တယ်လို့ ဖေဖေထင်တယ်။
ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ဖို့ Stoic တစ်ယောက် လိုက်နာတဲ့ စည်းမျဉ်းကို တိုတိုပဲ ပြောပါရစေ။ နောင်များမှာ သမီးဘာသာ ချဲ့ထွင်လေ့လာသွားဖို့လည်း တိုက်တွန်းပါတယ်။
(၁) မကြောက်နဲ့
ဘဝမှာ ကောင်းတာရော ဆိုးတာပါ ဖြစ်နိုင်တယ် သမီး။ ဘဝဆိုတဲ့ အစဉ်တန်းကြီးက မရေရာမှုတွေနဲ့ပဲ ပြည့်နေတာပါ။ သေချာမှုက တစ်ခုပဲ ရှိတယ်။ အားလုံး တစ်ချိန်မှာ လူ့ဘဝက ထွက်ခွာရမယ် ဆိုတာပါ။
ရှင်သန်မှု အခိုက်အတန့်တိုင်းအတွက်လည်း အာမခံချက်မရှိပါဘူး။ ဒီလို တွေးတော့လည်း ကြောက်စရာလို့ ထင်သွားလိမ့်မယ်။ ဒါပေမယ့်သမီး ။ ထိတ်လန့်မှုနဲ့ နေထိုင်သွားသမျှ တစ်စက္ကန့်တိုင်းဟာ သေဆုံးသွားတဲ့ အချိန်တွေပဲ။ တကယ့်ရှင်သန်မှုဆိုတာ ဖေဖေတို့ရဲ့ တစ်နေ့တာကို အကြောက်တရားမဲ့စွာ ၊ စိတ်ခွန်အားရှိစွာ ဖြတ်ကျော်မှသာ ရနိုင်မယ်။
သမီး အမြဲ လုပ်ချင်ခဲ့တဲ့ အရာတစ်ခုခု ရှိမယ်။ မအောင်မြင်မှာစိုးလို့ နောက်ဆုတ်သိမ်းဆည်းထားတဲ့ အိပ်မက်တွေ ရှိကောင်းရှိမယ်။ ရဲရဲသာ လုပ် သမီး။ သမီးအလွန်ဆုံး ကြုံရမှာက မအောင်မြင်တာပဲ။ ရှုံးသွားတယ်ဆိုတာ မရှိဘူး။ သမီးမှာ ကိုယ့်ဘဝကိုယ် ပိုင်တယ်ဆိုတဲ့ ခံစားချက်နဲ့ အိပ်မက်တွေနောက် လိုက်ခဲ့လို့ ကျေနပ်တယ်ဆိုတဲ့ ခံယူချက်ရှိသွားရင် သမီးဖြတ်သန်းခဲ့တာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝပါပဲ။
(၂) ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စ မခံစားနဲ့
ဘာပဲဖြစ်လာဖြစ်လာ သမီး ထိန်းချုပ်လို့ ရတာနဲ့ ထိန်းချုပ်လို့ မရတာ ဒီနှစ်ခုထဲက တစ်ခုပဲ ရှိမယ်။ သမီးလုပ်ရမှာက ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကို အကောင်းဆုံး ၊ အသားနားဆုံး ဖန်တီးတည်ဆောက်သွားဖို့ပဲ။ သမီး အာရုံစိုက်ရမှာက သမီးရဲ့ အတွေး ၊ သမီးရဲ့ လုပ်ရပ်နဲ့ ကံဆိုးမိုးမှောင်ကျမှုကို ဉာဏ်ရှိရှိ ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ ဆင်ခြင်မှုပဲ။
Stoic တွေကို အပြင်လူတွေက ခံစားချက်မရှိတဲ့သူတွေလို့ ထင်ကြတယ်။ တကယ်က Stoic တွေဟာ ဘဝပြဿနာတွေကို ရှင်းရှင်းပြတ်ပြတ်မြင်ပြီး လက်ရှိအချိန် လက်ရှိအခြေအနေအတွက် ကိုယ်လုပ်နိုင်သမျှကို လက်တွေ့ကျကျ အကောင်းဆုံး ပိုင်းခြားလုပ်တတ်ကြသူတွေပါ။ ဒါကြောင့်ပဲ သူတို့ဟာ ခံစားလွယ်ပြီး ယိုင်နဲ့လဲပြိုမသွားဘဲ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်တာပေါ့။
သမီးဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ အများကြီး ကြုံလာမယ်။ ဒီလို ကစဉ့်ကလျားအခြေအနေတွေထဲကမှ ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကို အကောင်းဆုံး ထိန်းချုပ်မောင်းနှင်ပါ။ ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကိုပဲ အာရုံပြုထားတဲ့သူက Emotional အဖြစ်နည်းတယ်။ ဝမ်းနည်းဖွယ်ရာအခြေအနေတွေရဲ့ လောင်မြှိုက်မှုကြောင့် ကျွမ်းလောင်မသွားဘူး။ အစကတည်းက Stoic တစ်ယောက်ဟာ အဆိုးဆုံးအခြေအနေတွေကို မျှော်လင့်ပြီး သူလုပ်နိုင်တာ အကောင်းဆုံးလုပ်ဖို့ ပြင်ဆင်ထားလို့ပဲ။
ပျော်ရွှင်မှု နဲ့ မျှော်လင့်ချက်ဟာ တခြားသူတစ်ယောက်က လာပေးမှ ရတဲ့ လက်ဆောင်မဟုတ်ဘူး သမီး။ ကိုယ့်ဘာသာ ဖန်တီးယူပါ။
(၃) ကိုယ့်ဥပဒေနဲ့ကိုယ် နေပါ
လူ့လောကမှာ လူတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ၊ ဥပဒေ ထုံးတမ်းတွေ ရှိတယ်။ သမီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါတွေ လိုက်နာရလိမ့်မယ်။ ဒီထက် ပိုအရေးကြီးတယ်လို့ ဖေဖေ ယူဆတာ ရှိတယ် သမီး။ အဲ့ဒါက သမီးအတွက်လည်း သမီးကိုယ်တိုင် ရေးဆွဲထားတဲ့ ကိုယ်ကျင့်ဥပဒေ ၊ စံနှုန်းတွေ ရှိဖို့ပဲ။
ကိုယ့်ဥပဒေက ကိုယ့်ရဲ့ ဘဝကို ကိုယ်ဘယ်လို ဖြတ်ကျော်ချင်လဲ ၊ ကိုယ်မလုပ်ချင်တဲ့ ဘယ်တော့မှ မချိုးဖောက်မယ့် စံက ဘာတွေလဲလို့ စည်းဘောင်သတ်လိုက်တဲ့ Personalized Rules တွေပါ။ ဥပမာ - သမီးအတွက် ရိုးသားခြင်းက စံဥပဒေဆို ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ လိမ်လည်လှည့်ဖျားတဲ့အလုပ် မလုပ်မိအောင် စောင့်ရှောက်ရမယ်။
လူဟာ ကိုယ့်ဥပဒေကို ကိုယ်လိုက်နာရင်ကိုပဲ ဘဝမှာ တော်တော်ကြီး ဟုတ်နေပြီလို့ ပြောနိုင်တယ်။ ကိုယ့်ဥပဒေကလည်း ဘယ်စံနဲ့ချိန်ချိန် ဖြောင့်မတ်မှန်ကန် ကောင်းမွန်နေရင်တော့ အတိုင်းထက်အလွန်ပေါ့ သမီး။ သမီးဘဝရဲ့ စံတန်ဖိုးနဲ့ သမီးကိုယ်တိုင် လေးစားလိုက်နာမယ့် ဥပဒေကို ရှာတွေ့နိုင်ပါစေ။
Stoicism မှာ ပြောစရာတွေမှ အများကြီး။ လိုက်နာကျင့်သုံးစရာ ကောင်းမြတ်တဲ့ ညွှန်ကြားချက်တွေမှ အများကြီးပဲ သမီး။ ပျော်ရွှင်ထိုက်တန်တဲ့ဘဝ ရဖို့ Stoic ဒဿနတွေကနေ သင်ယူစရာတွေ အများကြီး ရှိသေးတယ်။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ သမီး။
7 months ago | [YT] | 9
View 0 replies
PenSaGar
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်...
(၁)
နတ်ဒေဝတာတွေ လာမကယ်ခင်
ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမယ်
ငါတို့အချင်းချင်း ကယ်တင်ရမယ်။
(၂)
တစ်ယောက်တည်းလို့ ထင်နေပြီလား။
အနာဂါတ်မဲ့နေပြီလို့ တွေးနေပြီလား။
ဘာမှ အဆင်မပြေတော့ဘူးလို့ မြင်နေပြီလား။
ကျနော် နည်းနည်း ပြောပါရစေ။
သိပ်ခံစားနေရရင် ယုံကြည်ရသူကို ရင်ဖွင့်လိုက်တာ ကောင်းတယ်။ ရင်ဖွင့်ရလောက်အောင် ယုံကြည်ရသူ ရှိရင်ပေါ့လေ။ ဒါမှမဟုတ်လည်း Lifestyle ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် Build Up လုပ်လိုက်တာ ကောင်းတယ်။ မနက်စောဘက် ခြေလှမ်း ၁ သောင်း ရောက်အောင် လျှောက်တာမျိုး။ စိတ်ရဲ့ မွန်းကြပ်ချက်တွေကို ဟိုးအဝေး တိတ်ဆိတ်တောနဲ့ မြက်ရိုင်းလွင်ပြင်တွေဆီ စေလွှတ်ရင်းပေါ့။
အဲ့ဒီအချိန် ကိုယ်ကိုယ်တိုင် အေးချမ်းတိတ်ဆိတ်ရာတောနဲ့ တောင်တွေဆီ ရောက်နိုင်ရင် ပိုကောင်းမယ်။ ဖော်ရွေတဲ့ တောင်တွေအကြားဆို ခိုင်မတ်တဲ့ အကာအရံတွေကြောင့် စိတ်လုံခြုံရာ ရှာလို့ရရင်လည်း ရမှာပဲလေ။ မဟုတ်ဘူးဆိုလည်း တောင်တွေရဲ့ တည်ကြည်အဖော်မဲ့မှုက ကိုယ့်ရဲ့ အထီးကျန်မှုအတွက် နှစ်သိမ့်စာနာရာလည်း ဖြစ်နိုင်တာပါပဲ။ အခုပြောသလို လုပ်နိုင်အောင် အခြေအနေနဲ့ လွတ်လပ်မှုရှိရင်ပေါ့လေ။
(၃)
ကျနော်ကခင်ဗျားနဲ့ အတူပဲဆိုတာ ပြောချင်လို့ပါ။ အဝေးရောက်လွင့်ပါးနေတဲ့ စိတ်တွေနဲ့ ပြန်ဆက်သွယ်ဖို့ ကျနော်တို့ ကြိုးစားနိုင်တာတွေ အများကြီး ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေဖို့ပါ။ ဘယ်လိုမှ မပျော်နိုင်တဲ့အခါ ဘာမှ မရှိတဲ့အချိန်တုန်းက ကျနော်တို့ ပျော်ရွှင်နိုင်ခဲ့တာတွေကို ပြန်အမှတ်ရနေရင် ကောင်းတယ်။ အဆင်မပြေတဲ့နေ့တွေဆိုတာလည်း အခိုးအငွေ့တစ်ခုလိုပါပဲလို့ တွေးနိုင်ရင် သက်သာရာရနိုင်ပါတယ်။
သိပ်ပင်ပန်းလာရင် ရောက်ရာအရပ်က နားလိုက်ပါ။ ၃-၄ နာရီဆက်တိုက် ထိုင်မိလို့ ညောင်းညာလေးလံနေတဲ့ ခန္ဓာကိုယ်ကိုတောင် အနည်းဆုံး ခါးလှည့် ခေါင်းခါ နေသာအောင် ပြင်ဖို့ ကျနော်တို့ သတိရသေးတာ မဟုတ်လား။ နှစ်နဲ့ချီကြာ အကြောမလျှော့လာတဲ့ နှလုံးသားကို ကြင်နာဖို့ လိုကိုလိုပါလိမ့်မယ်။ တရားထိုင်တာလိုမျိုး စိတ်ကို နက်နက်နဲနဲ ဆက်သွယ်ပြီး ရောဂါချက် ရှာနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီအဆင့်အထိ မသွားနိုင်ရင် ကျနော်အကြံပေးချင်တာလေးတချို့ကို ထည့်စဉ်းစားကြည့်စေချင်ပါတယ်။
(၄)
ကျနော်တို့ ကြုံနေတဲ့ ဖိစီးဆို့နင့်နာကျင်မှုတွေဆိုတာ တစ်ခါတစ်ခါ သေချာကြည့်ဖို့ လိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကို ကျနော်တို့ တကယ်နာကျင်နေရတာလဲ အလေးအနက် မေးခွန်းထုတ်ကြည့်ပါ။ ကိုယ့်မေးခွန်းမှာ အဖြေတွေ့ရင် သက်သာရာရှာလို့ ရနိုင်ပါတယ်။ ပြဿနာကို ရှင်းဖို့ လမ်းစတွေ့နိုင်ပါတယ်။
တစ်ခါတလေတော့လည်း ကျနော် လက်လွတ်လိုက်ဖို့ လိုနေတာ ဖြစ်နိုင်တယ်။ ကိုယ်သိလျက်ဖြစ်စေ မသိဘဲဖြစ်စေ ဆုပ်ကိုင်မိတဲ့အရာတွေ ငုံ့ကြည့်လိုက်ပါ။ ကျနော်ငယ်ငယ်က အဖေနဲ့အတူ မိုးရေထဲ တောစီးရာဘာ လည်ရှည်ဖိနပ်ကြီး စီးပြီးနဲ့ ယာခင်းက ပြန်လာခဲ့ဖူးတယ်။ ရွှံတွေနဲ့ လေးလံလွန်းလို့ ကျနော်ဟာ အဖေ့ကို မှီအောင် မလျှောက်နိုင်ခဲ့ဘူး။ နောက်တော့ အဖေက ဖိနပ်ချွတ်ပေးလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ကျနော် လျှောက်သွားနိုင်ခဲ့တာ အမှတ်ရမိတယ်။ ကျနော်တို့ လွှတ်ချရမယ့်အချိန်ကို ဉာဏ်ရှိရှိ သိနိုင်ရင် ပေါ့ပါးသွားနိုင်ပါတယ်။
တစ်ခါတစ်လေတော့လည်း ငိုချပစ်ဖို့ လိုနေတာ ဖြစ်နိုင်တာပဲ။ နောက်ဆုံးအကြိမ် စိတ်အဖုအထစ်တွေ အရည်ပျော်ပြီး မျက်ရည်ကျခဲ့တာ ဘယ်အချိန်လဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ ‘ငို’ ဆိုလို့ အသံအကျယ်ကြီးနဲ့ ငိုချပစ်လိုက်ဖို့ မလိုပါဘူး။ Chopin တို့ ၊ Batch တို့ Yiruma တို့ရဲ့ စန္ဒယားတီးလုံးတွေကို တိတ်ဆိတ်ညမှာ တစ်ယောက်တည်း နားကြပ်လေးတပ် စိတ်အေးလက်အေး နားထောင်ရင်း ငိုချင်တဲ့အခါ လွတ်လပ်စွာ ငိုချတာမျိုးပါ။ မဟုတ်လည်း ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ်ကို စိတ်နှစ်ဖတ်ပြီး ငိုချင်တဲ့အခါ ငိုချပစ်ဖို့ပါ။ တစ်နည်းနည်းနဲ့ ခင်ဗျားစိတ်အတွင်းသားကို လှုပ်သွားစေမယ့် အနုပညာပစ္စည်းတစ်ခုခုကို ခံစားကြည့်စေချင်ပါတယ်။
ခံစားရလွန်းတာ တစ်ခါတစ်လေ စိတ်ကူးထဲ သိပ်နစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်အများဆုံး တွေးမိတဲ့ အဓိပ္ပါယ်မရှိတဲ့ ၊ ကိုယ့်ကို ဒုက္ခအပေးနိုင်ဆုံးအတွေးကို ပြန်ရှာကြည့်ပါ။ အချိန်ရရင် ဘယ်အတွေးကို ဒီနေ့ ဘယ်နှစ်ကြိမ် တွေးမိပြီလဲ ပြန်ချရေးကြည့်ပါ။ ဒီအတွေးကို ယန္တရားပြင်သလို ပြင်နိုင်ရင်လည်း ခံစားချက်ကောင်းသွားနိုင်ပါတယ်။
တစ်ခါတစ်လေ အလုပ်မရှုပ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ မရှိသေး/တော့လို့ မာရ်နတ်ရဲ့ အဆိုးမြင်ရေးတီးတိုးသံကို နားထောင်နေတာလည်း ဖြစ်နိုင်တာပါပဲ။ ကျနော်တို့ အားလပ်လွန်းလို့ ကိုယ့်ကို ပြန်ဒုက္ခပေးမယ့် အတွေးဆိုးတွေ ၊ ‘အထင်မှား’တွေ ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်သိပ်ဖန်တီးချင်ခဲ့တဲ့အရာ ၊ လုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုခုကို ကောက်လုပ်ကြည့်ပါ။ အကောင်အထည်ပေါ်တဲ့အထိ လုပ်ကြည့်ပါ။ မီးခြစ်ဆံချောင်းလေးတွေနဲ့ ရဲတိုက်တစ်လုံး ဆောက်တာကနေ ဟင်းအမယ်ဆန်းတစ်မျိုး ချက်တာအထိ ၊ ဝတ္ထုတစ်ပုဒ်ရေးတာကနေ အခွေသွင်းတော့မယ့်အတိုင်း သီချင်းတစ်ပုဒ်ကို အပီအပြင် ဆိုတာအထိ ကျနော်တို့ လုပ်နိုင်တာတွေ လုပ်ကြည့်ပါ။
(၅)
ကျနော်ပြောချင်တာက ဘယ်လောက်ခံစားခံစား အဆုံးမဟုတ်သေးဘူးဆိုတာ ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ဖို့ ကြိုးစားစေချင်တာပါ။ ကျနော်လည်း ခင်ဗျားလိုပဲလို့ ပြောခဲ့ပါတယ်။ ကျနော်လည်း ခင်ဗျားလိုပဲ နိစ္စဒူဝ ဖိစီးချက်တွေ ၊ မသေချာမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထောက်တည်ရာရှာဖွေမရခြင်းတွေကို ရင်ဆိုင်နေရသူပါပဲ။ ကျနော်က ဘာကောင်ညာကောင်မဟုတ်ပါဘူး။ ကျနော် ယုံကြည်သလို ဘဝကို တတ်နိုင်သမျှ အကောင်းမြင်ဖို့ သင်ယူနေတဲ့သူပါ။
ကျနော်တို့ရဲ့ တိုတောင်းပြီး သက်တမ်းကုန်ဆုံးရက်မသိရတဲ့ ဘဝမှာ ကြုံသမျှ အခိုက်အတန့်လေးတွေက နောက်တစ်ကြိမ် ပြန်မရဘူးဆိုတာ ကျနော်တို့ မေ့မပစ်ဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက်ပဲ ကိုယ့်ဟာကိုယ် ညံ့တယ်ထင်ထင် ကိုယ်အောင်မြင်ခဲ့တာတွေ တစ်ခုမက ရှိခဲ့တာ ပြန်မှတ်မိဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက် အဖော်မဲ့နေပါစေ ကိုယ့်ကို ခင်တွယ်သူတစ်စုံတစ်ယောက် /ကိုယ့်အကြောင်း ပျော်ရွှင်စွာ သတိရနေသူတစ်ယောက် ရှိနေမယ်ဆိုတာကို ယုံကြည်နေဖို့လိုတယ်။ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် မကယ်တင်ရင် ဘယ်နတ်ဒေဝတာမှ ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ဖို့ လိုတယ်။ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် တကယ့်စိတ်ရင်းနဲ့ အပြန်အလှန် ကူညီကယ်တင်တာဟာ ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကယ်တင်နေတာပဲဆိုတာ နားလည်နေဖို့ လိုတယ်။
ဘုရားသခင်က ကျနော်တို့အနား အမြဲမရှိနေနိုင်တဲ့အတွက် ကျနော်တို့က ဘုရားသခင်ကိုယ်စား အချင်းချင်း စောင့်ရှောက်ဖေးကူနေရမှာ မဟုတ်လား။
7 months ago | [YT] | 7
View 0 replies
PenSaGar
တိတ်ဆိတ်မှုနဲ့ နားလည်ပေးပါ
ဟဲမင်းဝေး ပြောဖူးတာ ရှိတယ်။
"ကျနော်တို့ရဲ့ အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာ ကျနော်တို့ အကြံဉာဏ်တွေ လိုတာမဟုတ်ဘူး။ ကျနော်တို့ တကယ်လိုအပ်တာက ရှိနေမှုပဲ။ "
ကျနော်တို့နဲ့အတူ အရိပ်တွေထဲ အတူထိုင်ပြီး ကျနော်တို့ဒုက္ခဝေဒနာကို သူ့အတိုင်းလေး သိပေးတဲ့သူမျိုး။ အဲ့လို အချိန်မျိုးမှာ တိတ်ဆိတ်မှုနဲ့ နားလည်ပေးမှုက စကားလုံးတွေထက် ပိုအသံကျယ်တယ်။
ကျနော်တို့ တစ်ယောက်တည်း မဟုတ်ပါလားဆိုတာ အမှတ်ရစေမယ့် တိတ်ဆိတ်တဲ့ ခွန်အားပေးရင်းပေါ့။
ဒါက ကျနော်တို့ ရှာနေတဲ့ အဖြေမဟုတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ပေးနိုင်တယ်။
7 months ago | [YT] | 4
View 1 reply
PenSaGar
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးလာတဲ့အခါ သတိရသင့်တာတွေ
လူတွေဟာ အမြဲတမ်း ထက်သန်နိုးကြားတဲ့စိတ်နဲ့ ရှင်သန်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဘဝဟာ အခက်အခဲအလှည့်အပြောင်းတွေနဲ့ စိန်ခေါ်ချက်များတဲ့ ပုစ္ဆာဖြစ်လေတော့ တချိန်မဟုတ်တချိန် ကိုယ့်အစွမ်းအစကို သံသယဝင်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတဲ့အခါ အခုပြောမယ့်အချက်တွေကို ပြန်သတိရဖို့ ပြောချင်ပါတယ်။
(၁) အထင်အမြင်ဆိုတာ အချက်အလက်မဟုတ်ဘူး
သင်ဘယ်လိုထင်ထင် အထင်အမြင်ဆိုတာ အချက်အလက်မှန်မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ထင်ချင်တိုင်း ထင်မြင်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် ငါညံ့နေပြီလို့ ထင်လာရင် ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကို အားမရတဲ့အကြောင်း ပြောလာရင် ဒါကို အမှန်တရားလို့ချည်း မှတ်ယူလို့မရပါဘူး။ ဒါဟာ သူ့အမြင်လည်း ဖြစ်နိုင်ပါတယ်။ Feedback တစ်ခု ယူမယ်ဆိုရင် သေချာဂဃနဏ စဉ်းစားဆင်ခြင်ပြီးမှ ယူပါ။ သူများပြောတိုင်း ကိုယ့်ကိုယ်ကိုယ် ညံ့သွားပြီလို့ ဘယ်တော့မှ မထင်ပါနဲ့။ ကိုယ့်ကို မလုပ်နိုင်ပါဘူးလို့ ပြောတဲ့အသံမျိုးဆို မကြားအောင် နေတာအကောင်းဆုံးပါပဲ။
(၂) ကြီးထွားဖို့ အချိန်လိုတယ်
ဘယ်အရာမျိုးမဆို အချိန်လိုပါတယ်။ ပန်းတစ်ပွင့်ပွင့်လာဖို့ကနေ လူတစ်ယောက် ရင့်ကျက်ပြည့်ဝဖို့အထိ အချိန်ဆိုတာ လိုကိုလိုပါတယ်။ မအောင်မြင်သေးတာကို ရှုံးနိမ့်တာလို့ ပြောမရပါဘူး။ ဖွံ့ဖြိုးနေတာ ၊ ရုပ်လုံးမပေါ်သေးတာပဲ ဖြစ်ပါတယ်။ ကြိုးစားနေမယ် ၊ သင်ယူနေမယ် ဆိုရင် ရှုံးနိမ့်တယ်လို့ ပြောလို့ မရပါဘူး။
(၃) အကြောက်တရားက သင့်ကို မတားနိုင်ပါဘူး
လူတိုင်းမှာ ကြောက်စိတ်ရှိတာပါပဲ။ အောင်မြင်တဲ့လူတွေကတော့ ရှုံးမှာကို မကြောက်ဘဲ အရှုံးကို နောက်တစ်ကြိမ် ကြိုးစားဖို့ အခွင့်အရေးတစ်ခုအဖြစ် မြင်ကြပါတယ်။ အကြောက်တရားက ရှေ့ဆက်သွားဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲထားကောင်း ဆွဲထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တက်ကြွတဲ့တောင်ပံတွေကို ဘယ်လှောင်အိမ်မှ ချုပ်နှောင်ထားလို့ မရသလိုမျိုး ကိုယ့်ကို ဟန့်တားနိုင်မှာ မဟုတ်ဘူးဆိုတာ အမြဲသတိရနေပါ။
(၄) သင်က ဘယ်သူနဲ့မှ မတူပါဘူး
လူတွေဟာ ထူးခြားတဲ့စရိုက်နဲ့လာပြီးသားပါ။ သင့်မှာ အများနဲ့မတူတဲ့ အစွမ်းတွေ ရှိနေတာကို ပြန်ရှာဖို့ အချိန်ယူပါ။ ကိုယ်ကဘယ်အပိုင်းမှာ ထူးချွန်သလဲ၊ ဘယ်အရာတွေမှာ ကိုယ့်ပါရမီကို ပြသနိုင်သလိုလို့ အချိန်ယူပြီး ပြန်စဉ်းစာကြည့်ပါ။ စိတ်ဓါတ်ကျခဲ့ပေမယ့် အလင်းရောင်ရှိတဲ့အရပ်ကို မျက်နှာမူဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
(၅) အရာအားလုံး ပြန်စတင်နိုင်တယ်
ဘယ်လောက်ပဲ ပြိုလဲခဲ့ ပြိုလဲခဲ့ အရာအားလုံး အသစ်က ပြန်စနိုင်တယ်ဆိုတာ မှတ်ထားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပြန်ဖွင့်ပေးပါ။ သံသယ ၊ ကြောက်စိတ်နဲ့ တုပ်နှောင်ထားတဲ့ အဖြစ်ကနေ လွတ်မြောက်အောင် ရုန်းထွက်လိုက်ပါ။ အရာအားလုံးကို အကောင်းဆုံး ပြန်စတင်မယ်လို့ သံဓိဌာန်ပြုပါ။ ကိုယ်သွားမယ်လမ်းကြောင်းကို သေချာပြန်ကြည့်ပါ။ လွှတ်သင့်တာတွေ လွှတ်ချခဲ့ပြီး ပြန်ပြီး အစီအစဉ်ချရမယ့်အရာတွေအတွက် အချိန်ပေးလိုက်ပါ။
ယုံကြည်မှုဆိုတာ တည်ဆောက်ရတဲ့အရာဖြစ်ပြီး သံသယဆိုတာ တွန်းလှန်ဖြိုခွဲရတဲ့အရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းတဲ့အခါတိုင်း ပြန်တည်ဆောက်ဖို့ ဘယ်တော့မှ မမေ့ဖို့ အကြံပေးချင်ပါတယ်။
8 months ago | [YT] | 10
View 0 replies
Load more